မော်လမြိုင်၊ စက်တင်ဘာ ၂၆
ရာဂိမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားနေရသော ရေဘေးသင့် ပြည်သူများအတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြစေတီပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတော်ကြီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဝိနယပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ သီလတော်မြတ်များ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရေဘေးသင့် ပြည်သူများအတွက် ချောင်းဆုံမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ အလှူငွေကျပ် သိန်း (၅၀၀) အား လည်းကောင်း၊ မွန်ပြည်နယ်၊ မြို့နယ်များရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းများမှ အလှူငွေကျပ် သိန်း (၃၀) အား လည်းကောင်း ပေးအပ်လှူဒါန်းခြင်းအပေါ် လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က မွန်ပြည်နယ်၊ မြို့နယ်များရှိ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းများမှ လှူဒါန်းသည့်သံဃာအသုံးအဆောင် ပစ္စည်းများနှင့် ရေဘေးသင့် ပြည်သူများအတွက် အဝတ်အထည် စာသောက်ကုန် အပါအဝင် ငွေကျပ်သိန်း (၅၅၀) တန်ဖိုးရှိ ပစ္စည်းများအား လွှဲပြောင်းပေးအပ်ခဲ့မှုအပေါ် လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညိုခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ မွန်ပြည်နယ်၊ ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကလေးများ ကမ္ဘာ့နို့တိုက်ကျွေးရေးနေ့ (World School Milk Day ) အထိမ်းအမှတ် နို့တိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်၍ ကျောင်းနေအရွယ် ကလေးများကို အဟာပြည့် နို့များအား တိုက်ကျွေးခြင်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ အာဟာရ ပြည့်ဝကျန်းမာအောင် စီမံစားသုံးတတ်စေသည့် အသိပညာ၊ အမူအကျင့်ကောင်းများ ပိုမိုကျယ်ပြန့်စွာ သိရှိလာစေရန်နှင့် ကျန်းမာရေးနှင့် အာဟာရ အခြေအနေ ပိုမိုကောင်းမွန် မြင့်မားလာစေရေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေး အစီအစဉ်အား ရေရှည် တည်တံ့စေရန်နှင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်း များကို ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက် ပေးကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒေါက်တာနီနီမော်မှ ကျောင်းနေအရွယ်ကလေးငယ်များအား အာဟာရပြည့်နို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ် (၇)အခြေခံပညာ အထက်တန်းကျောင်းရှိ မူလတန်းကလေးငယ်များအား အာဟာရပြည့်နို့ဘူးနှင့်ကြက်ဥများအား ဝေငှ တိုက်ကျွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူ၊ ကျောင်းသားလေးများနှင့် မိဘ၊ အုပ်ထိန်းသူများကို ရင်းရင်းနှီးနှီးလိုက်လံ အားပေးနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ကျေးရွာ၌ အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များနှင့် ဘေးသင့်ပြည်သူများအား အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့မှုအပေါ် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များနှင့် ဘေးသင့်ပြည်သူများအတွက်လိုအပ်သည်များကို အဘက်ဘက်မှ ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထားဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ကျေးရွာနေ ပြည်သူများ၏ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းမျာအတွက် အစားအသောက်၊ အဝတ်အထည်၊ အိမ်ဆောက် ပစ္စည်းများ၊ ကယ်ဆယ်ရေး ပစ္စည်းများလိုလေသေးမရှိစေရေး ကူညီဆောင်ရွက် နိုင်ရန် ယခုကဲ့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့မှ အတတ်နိုင်ဆုံး ကူညီထောက်ပံ့ လျက်ရှိကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း ဒေသခံပြည်ပြည်သူများ၏ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအပြင် သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်နိုင်ရေးတို့ကို ဝိုင်ဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော နေအိမ်(၁၄၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၂၉၄၀၀၀၀ဝ) အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဘေးသင့်လူဦးရေ (၃၇၀၅) ဦးအတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ် (၁၅၅၆၁၀၀ဝ) အား လည်းကောင်း၊ ပြည်နယ် လူမှုရေးရာဝန်ကြီးက ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု(၁၄၇)စုအတွက် တန်ဖိုးငွေကျပ် (၁၅၈၂၈၆၆၆)ရှိ ကယ်ဆယ်ရေး ပစ္စည်းများအား လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဘေးသင့် ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ အားပေးစကားများ ပြောကြားခဲ့ပြီး ဒေသလိုအပ်ချက်များ တင်ပြတောင်းခံမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုက်မရောမြို့၊ အောင်သုခရပ်ကွက်ရှိ သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီး အခြေအနေများတွင် ကြိုတင်ကာကွယ်နိုင်ရေး Cyclone Shelter နှင့် စားနပ်ရိက္ခာများ သိုလှောင်ထားရှိနိုင်ရေး ဂိုထောင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အရေးပေါ် တုန့်ပြန်နိုင်ရေး ကြိုတင် စီမံဆောင်ရွက်ထားကြရန်နှင့် Cyclone Shelter များတွင် ဝင်ဆံ့လူဦးရေများ၊ ရေ၊ ရိက္ခာလိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။