Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)၏ အထူးနေ့လယ်စာသုံးဆောင်ခြင်း အခမ်းအနား၊ မွန်ပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)၏ အထူးနေ့လယ်စာသုံးဆောင်ခြင်း အခမ်းအနား၊ မွန်ပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတက်ရောက်

by Mon Editor

မော်လမြိုင်၊ ဩဂုတ် ၂၀

မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဦးတည်၍ ပြည်နယ်အတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသား သင်တန်းသူများအား မိသားစုသဖွယ် ချစ်ခင်လေးစားဂုဏ်ပြုသောအားဖြင့် အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)၏  အထူးနေ့လယ်စာစားပွဲ အခမ်းအနားကို ယနေ့‌‌ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ  (မော်လမြိုင်) ကျောင်းအကျိုး‌တော်ဆောင်အဖွဲ့နာယက၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းတွေ ဖြစ်လာစေဖို့အတွက် နည်းပြဆရာများရဲ့ လေ့ကျင့်သင်ကြားပေးမှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားလေ့ကျင့်သင်ယူကြရန် လိုအပ်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့ဝါသနာပါရာ အားကစားနည်းအလိုက် စွမ်းရည်ပြည့်ဝပြီး နိုင်ငံဂုဏ်ဆောင်နိုင်သည့် ထူးချွန်သူများဖြစ်လာစေရန် စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အားကစားနည်းအလိုက် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများနှင့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းသား သင်တန်းသူများနှင့် နေ့လယ်စာအား ချစ်ကြည်ရင်းနှီးစွာ အတူတကွသုံးဆောင်ခဲ့ပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

မွန်ပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်စက်မှုဇုန်နှင့် ကျောက်တန်းစက်မှုနယ်မြေတို့၏ စီမံခန့်ခွဲရေး ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိရာ စက်မှုဇုန် အရွယ်အစား၊ အမျိုးအစား၊ အဆင့်အတန်း သတ်မှတ်ပြီးပါက စီမံခန့်ခွဲရေး ကော်မတီများကိုလည်း ပြန်လည်ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများ ခံစားရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံ့စီးပွား တိုးတက်စေရန်အတွက် ကော်မတီဝင်များမှ ဝိုင်းဝန်းလုပ်ဆောင် ကြရမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကော်မတီ အတွင်းရေးမှူး၊ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဦးထွန်းထွန်းဝင်းက ကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခဲ့ပြီး တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးဌာနမှူးက မော်လမြိုင်စက်မှုဇုန်နှင့် ကျောက်တန်းစက်မှုဇုန်နယ်မြေတို့၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက မော်လမြိုင်နှင့် ကျောက်တန်းစက်မှုဇုန် ဖော်ဆောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

You may also like