မော်လမြိုင်၊ ဩဂုတ် ၂၄
မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (Mon State Road Safety Council – MSRSC) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပြည်နယ်ကောင်စီအနေဖြင့် သတ်မှတ်ထားသော လုပ်ငန်းတာဝန် (၁၄)ရပ်အပြင် အမျိုးသားကောင်စီ (MSRSC)က ရေးဆွဲအတည်ပြုထားတဲ့ မြန်မာနိုင်ငံ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်း စီမံချက်ပါ လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စေရေး အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယာဉ်မတော်တဆမှု အန္တရာယ် လျှော့ချရေးအတွက် ပြည်သူလူထုအတွင်း ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေး စိစစ်လှုံ့ဆော်မှုများကို စာသင်ကျောင်းများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များအကြား ဝိုင်းဝန်း ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ(၁)၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် ဒုတိယဥက္ကဋ္ဌ(၂)၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအတွင်းရေးမှူး ဒေါ်ပပလင်းနှင့် တွဲဖက်အတွင်းရေးမှူး ရဲမှူး ဝင်းနိုင်ဦး တို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းစီမံချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာကြသော ကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေး အကြံပြုတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


