မော်လမြိုင်၊ ဩဂုတ် ၂၅
မွန်ပြည်နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ (၁/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းကပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့အနေနဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် အခွန်ငွေများပိုမို ကောက်ခံ ရရှိနိုင်မှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် အခွန်ငွေများပိုမို ကောက်ခံ ရရှိနိုင်မှာဖြစ်ကြောင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ အခွန်ဝေစုများ ပိုမိုရရှိနိုင်ရေး ရသင့်ရထိုက်သော အခွန်အခများ ပြည့်ပြည့်ဝဝ ကောက်ခံရရှိရေး၊ အခွန်တိမ်းရှောင်မှုနှင့် အခွန်လွတ်ကင်းမှုများ မရှိစေရေး အတွက် ရှာဖွေဖော်ထုတ်ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ ကောက်ခံသည့် အခွန်အကောက်များ အပြည့်အဝ ကောက်ခံနိုင်ရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တွဲဖက်အတွင်းရေးမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိခြင်းအတွက် သုံးသပ်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် မွန်ပြည်နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမက ဘဏ္ဍာနှစ်အလိုက် အခွန်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဝင်များနှင့် မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဝင်များက အခွန်ကောက်ခံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
မွန်ပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခွန်အရပ်ရပ်အနေဖြင့် အခွန်ငွေကျပ်သန်းပေါင်း (၄၅၅၈၉ဒဿမ၆၂၉) ကောက်ခံရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၁၂၈) ရာခိုင်နှုန်း ကောက်ခံရရှိခဲ့သဖြင့် အခွန်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိကြောင်း သိရှိရသည်။



