မော်လမြိုင်၊ ဩဂုတ် ၂၈
မွန်ပြည်နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့် အခြေခံစားကုန်များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက နိုင်ငံတော်အတွက် နှစ်ပေါင်းများစွာ အစဉ်တစိုက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း ဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန်များ . အဆင်ပြေပြေ ပေးအပ်နိုင်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန် ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆေးရုံအုပ်ကြီး၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ အခမဲ့ ဆေးဝါးများပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုခံယူနေကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာရှိ ရန်မျိုးအောင်ရပ်ကွက် ရသေ့ကျောင်း (ဘုန်းကြီးကျာင်း)နှင့် အောင်သုခရပ်ကွက် Cyclone Shelterတို့၌ ရေဘေးရှောင်ပြည်သူများအားတွေ့ဆုံကာ အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများအနေဖြင့်လည်း လိုအပ်ချက်များအခက်အခဲများ ကြုံတွေ့လာပါက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လာရောက်၍ အတတ်နိုင်ဆုံးထောက်ပံ့ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ရေးအတွက် လာရောက်အားပေးကူညီရခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးအထူးဂရုပြုကြရန်နှင့် မိဘများအနေဖြင့် ကျောင်းနေအရွယ်ကလေးများကို ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ရေဘေးသင့်ပြည်သူများသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်ေတာ်ဒုတိယ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူတို့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၊ အလှူရှင်များမှလှူဒါန်းသော ဆန်ရိက္ခာအလှူငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများထားရှိရာ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်မရောမြို့နယ် အနိမ့်ပိုင်းဒေသရှိ ရေကြီးနစ်မြုပ်ခံခဲ့ရသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ရေများပြန်လည်ကျဆင်းပါက နေအိမ်များသို့ စနစ်တကျပြန်လည် ရွှေ့ပြောင်းရေး၊ ရေကြီးပြီးနောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကလိုင်းကနိုင်ကျေးရွာနှင့် ရန်မျိုးအောင်ရပ်ကွက် ရေဘေးသင့် ပြည်သူ (၉၄) ဦးအတွက် တစ်ဦးလျှင် (၅,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၇၀,၀၀၀) ကျပ်၊ အောင်သုခရပ်ကွက် ရေဘေးသင့် ပြည်သူ (၃၆) ဦးအတွက် တစ်ဦးလျှင် (၅,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၈၀,၀၀၀) ကျပ်၊ စုစုပေါင်း ပြည်သူ (၁၃၀) ဦးအတွက် ရေဘေးထောက်ပံ့ငွေ (၆၅၀,၀၀၀) ကျပ် နှင့် စားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။






