Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း နည်းပညာတက္ကသိုလ်(မော်လမြိုင်) စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း နည်းပညာတက္ကသိုလ်(မော်လမြိုင်) စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင်၊ ဩဂုတ် ၂၉

မွန်ပြည်နယ်အတွင်း တက္ကသိုလ်များ သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်ရေးနှင့် ကောင်းမွန်သော ပတ်ဝန်းကျင်ဖန်တီးနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မော်လမြိုင်) ပရိဝုဏ်အတွင်းရှိ လမ်းဘေးဝဲယာတစ်လျှောက် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများမှ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်များ၊ ခြုံနွယ်များနှင့် အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရန် ဆောင်ရွက်ခြင်းစသည့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ် ပရိဝုဏ် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ် ရှင်းလင်းဆောင်၌ တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူများက တက္ကသိုလ်ဝင်းအတွင်း အကြီးစားပြင်ဆင်ခြင်း၊ တိုးချဲ့အအောက်အဦများ၊ ဝန်ထမ်း အိမ်ရာ၊ ကျောင်းသား၊ ကျောင်းသူများအိပ်ဆောင်၊ Recreation Centre အဆောက်အဦး၊ တက္ကသိုလ် အားကစားကွင်း၊ ရေ၊ မီး၊ မိလ္လာစနစ်များ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်ကတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချိန်ကာလအတွင်း စံချိန်စံညွှန်းမီ ပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သည် ကရင်လူမျိုးများ၏ မွန်မြတ်၍ တန်ဖိုးရှိသော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီး ကရင်လူမျိုးတို့နှင့် အတူ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်း တစ်ခုဖြစ်သည် နှင့် အညီ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ သန့်ရှင်းသောအိမ်ထောင်စု ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ ဦးစွာ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကရင်ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက ဆရာတော်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်အမျိုးသားများသည် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲအပါအဝင် အခြားသောရိုးရာဓလေ့များကို မိမိတို့ ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်း ပြုလုပ်ကြ ခြင်းသည် ကရင်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်မှု၊ ချစ်ခင် ရင်းနှီးမှု ပိုမိုရရှိစေကြောင်း၊  ချည်ဖြူဖွဲ့မင်္ဂလာ ရိုးရာ ဓလေ့ပွဲတော်ကို မပျောက်မပျက် ဆက်လက်၍ လက်ဆင့်ကမ်း ထိန်းသိမ်းမြှင့်တင်ကြဖို့နှင့် မွန်မြတ်သန့်စင်ပြီး ချစ်စရာ ကောင်းသော ကရင်ရိုးရာဓလေ့ကို အစဉ် အလာမပျက် ဆက်လက်ထိန်းသိမ်းကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားအတွက် ရန်ပုံငွေကျပ်သိန်း (၄၀၀) အား ပေးအပ်ခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ဖြစ်ပေါ်လာပုံနှင့် ချည်ဖြူဖွဲ့မင်္ဂလာပွဲအဓိပ္ပာယ်များအား မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားခဲ့ကာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ဦးဆောင်မည့် ပွဲတော်အကြီးအကဲများနှင့် အဖွဲ့ဝင်များနေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကာ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သို့ တက်ရောက်အားပေးခဲ့ကြောင်း သိရှိရသည်။

You may also like