မော်လမြိုင် ဩဂုတ် ၃၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ရွှေနတ်တောင်ရေလှောင်တမံ၏ ရေဝင်ရောက်မှု အခြေအနေနှင့် ရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးစဉ် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရွှေနတ်တောင်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ မိုးရာသီကာလ ရေသိုလှောင် ထိန်းသိမ်းထားရှိမှုနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ရေလှောင်တမံ ကြံ့ခိုင်မှုဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေလှောင်တမံ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သိုလှောင်ရေများကို ထိရောက်စွာ အသုံးပြုနိုင်ရေးတို့အတွက် ရေလှောင်တမံကြံ့ခိုင်ရေးဆိုင်ရာ အစိတ်အပိုင်းများကို ပုံမှန်စစ်ဆေးသွားရန်နှင့် မော်လမြိုင်မြို့ပေါ် ရေဘေးကင်းဝေးစေရေး၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် စနစ်တကျ စီမံခန့်ခွဲသွားရန် လိုကြောင်း မှာကြားပြီး ရွှေနတ်တောင်ရေလှောင်တမံ၏ ရေထိန်းတံခါးများ၊ ရေပိုလွှဲနှင့် တမံကြံ့ခိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် လူငယ်များ ပြုစုပျိုးထောင်ပေးနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ သင်တန်းကျောင်းအုပ်ဆရာကြီးက သင်တန်းကျောင်းတွင် လူငယ်များ၏ စားသောက်နေထိုင်ရေး၊ ပညာသင်ကြားရေး၊ အသက်မွေးဝမ်းကျောင်း နည်းပညာသင်တန်းများ လေ့ကျင့်ပေးနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများနှင့် တွေ့ဆုံ၍ လူငယ်များသည် နိုင်ငံ၏ အနာဂတ် ရင်သွေးများ ဖြစ်သည်နှင့်အမျှ အသိပညာ၊ အတတ်ပညာ၊ စာရိတ္တ၊ ကြံ့ခိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို စနစ်တကျ ပြုစုပျိုးထောင် ပေးကြရန် လိုအပ်ကြောင်း၊ သင်တန်းကျောင်းမှထွက်ရှိပါက လူ့အဖွဲ့အစည်းအတွင်း ကောင်းမွန်စွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် တိုင်းပြည်အတွက် အကျိုးပြုသည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရေး ဘက်ပေါင်းစုံမှ အလေးထား ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် သင်တန်းကျောင်းအတွင်းရှိ စာသင်ခန်းများ၊ အိပ်ဆောင်များ၊ စားသောက်ဆောင်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းလေ့ကျင့်ရေးခန်းများနှင့် သင်တန်းသားများ၏ အုတ်စီပန်းရံသင်တန်း၊ ဂဟေဆက်သင်တန်း၊ ဆံသနှင့် လျှပ်စစ်သွယ်တန်းခြင်းသင်တန်း ပို့ချနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းကျောင်းရှိ လူငယ်များအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။





