မော်လမြိုင်၊ စက်တင်ဘာ ၁
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မုန့်လုပ်ငန်းရှင် များအသင်းတို့ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မော်လမြိုင်)နှင့် မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ကြက်သွန်နီ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အခြေခံစားကုန်များကို လုံလောက်စွာထုတ်လုပ်ရန်နှင့် အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး နည်းပညာတက္ကသိုလ် (မော်လမြိုင်)နှင့် မော်လမြိုင်တက္ကသိုလ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေကျောင်းသား၊ သူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူနေကြမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်တွင် ဒေသတွင်း သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ ဝင်ငွေတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ “ရာမည ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက်” ၏ သစ်သီးဝလံပန်းမန် အအေးခန်းသိုလှောင်ရုံတွင်း သစ်သီးဝလံများ သိုလှောင်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် အအေးခန်းသိုလှောင်ရုံ ရှင်းလင်းဆောင်တွင် ပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အအေးခန်းသိုလှောင်ရုံရှင်းလင်းဆောင် အတွင်း သစ်သီးဝလံများ လတ်ဆတ်စွာ ထိန်းသိမ်းသိုလှောင်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသထွက် ဒူရင်းအပြင် အခြားသီးနှံများကို အလေအလွင့်မရှိစွာနှင့် အချိန်အခါမရွေး လတ်ဆတ်စွာ စာသုံးနိုင်ရေး ထိန်းသိမ်းထားရှိသွားရန်၊ သင့်တင့်သော ဈေးနှုန်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြား၍ အအေးခန်းသိုလှောင်ရုံအတွင်း ဒေသထွက်သီးနှံများ သိုလှောင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။




