Home ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး

by admin

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အရှေ့ရိုးမ တောင်တန်းအပါအဝင်ဖြစ်သည့် ပေါင်းလောင်းတောင်တန်း တောင်ထွဋ်အပေါ် ပင်လယ်ရေမျက်နှာပြင် အထက်(၃၆၁၅)ပေအမြင့်တွင်တည်ရှိပါသည်။ တိဿရသေ့နှင့်သိကြားမင်းတည်ခဲ့သော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတည်ခဲ့သည်မှာ နှစ်ပေါင်း၂၅၀၀ကျော် ကြာမြင့်ခဲ့ပြီဟု စစ်ကဲတော်မင်းမောင် ရွှေနော် ရေး မွန်ရာဇဝင်အရသိရသည်။ ကြီးမား၍ မတ်စောက်သော ကျောက်တောင်တစ်ခု၏ အစွန်း တွင် ကျောက်လုံးကြီးတစ်လုံး ပြုတ်ကျလုနီးပါးတင်နေသည်။ ကျောက်လုံးကြီးသည် လုံးပတ်ပေ ၅၀ ခန့် ရှိသည်။ ကျောက်လုံးတော်ကြီး ထိစပ်တင်ရှိနေသော ကျောက်တောင် စွန်းအကျယ်အဝန်းသည် ၁၅ ပေထက်ပင်မပိုနိုင်ချေ။ နှမ်းပတ်ကျောက်အမျိုးအစားကျောက်လုံးကြီးသည် စေတီတော် အပါအဝင် တန်ချိန်၆၀၀ခန့်ရှိမည်ဟုခန့်မှန်းရသည်။ ကျောက်လုံးပေါ်တွင်စေတီတစ်ဆူတည်ထားသည်။ ဉာဏ်တော် ၁၅ ပေခန့်မြင့်သည်။ ကင်ပွန်း (ကင်မွန်း) စခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်ထိ ၇ မိုင်ခွဲခန့်ဝေးသည်။ စခန်းပေါင်း ၂၇ ခုကို ဖြတ်သန်းသွားလာရသည်။ စေတီတော်တည်ထားပြီးနောက် နှစ်ပေါင်းများစွာ တောဖုံးပျောက်ကွယ်သွားခဲ့သည်။

ခရစ်နှစ် ၁၈၂၃ ခုနှစိ(ဘကြီးတော်ဘုရားလက်ထက် ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲမဖြစ်ပွားမီ (တစ်နှစ်မျှအလို)တွင် စစ်တောင်းမြို့ဝန် မင်လှသင်္ခသူသည် ပျောက်ဆုံးနေသော ကျိုက်ထီးရိုးစေတီ ကို ပြန်လည်တွေ့ရှိခဲ့သည်။ ထိုစဉ်က ကျောက်လုံးကြီးပေါ်မှ စေတီဉာဏ်တော်မှာ သုံးတောင်မျှသာ မြင့်သည်ဟုဆိုသည်။ ဆင်ပစ်ရန် တောလည်ထွက်ရင်း စစ်တောင်းမြို့ဝန်တွေ့ရှိခဲ့သော ကျိုက်ထီးရိုး စေတီတော်ကို ပြန်လည်တွေ့ရှိသည့်နှစ်မှာပင် စေတီတော်လေးကို ငုံလျက် ဉာဏ်တော် ၁၂ တောင်ရှိ စေတီသစ်ကို တည်ခဲ့လေသည်။ စစ်တောင်းမြို့မှ စေတီအရောက်လမ်းဖောက်ခဲ့သည်။ နှစ်စဉ် နတ်တော်လရောက်တိုင်း ပွဲတော် ကျင်းပလာခဲ့သည်။

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီ တစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုး တောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။ ကျောက်တုံးကြီးပေါ်တွင် ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ် ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိသည်။

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအကြောင်း

You may also like