မော်လမြိုင် ဇွန် ၁၂
မွန်ပြည်နယ် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အပတ်စဉ် (၅၀)၏ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ဇွန်လ (၁၂)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်သူနာပြု သင်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုဆရာမကြီးငယ်များ၊ သင်တန်းသား/ သူများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ်က ဒီနေ့အချိန်အခါ ဟာ နိုင်ငံတော်ရဲ့ အမျိုးသားရေးဦးတည်ချက် တစ်ရပ် ဖြစ်တဲ့ တမျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံး အကျုံးဝင်မယ့် ကျန်းမာရေး ကဏ္ဍကို မြှင့်တင်ဆောင်ရွက် လျက်ရှိပါကြောင်း ဒီလိုဆောင်ရွက်ရာမှာ လူသားအရင်းအမြစ်ဟာ အဓိက ကျပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာရှင် အတတ်ပညာရှင် ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံ တော် ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း၊သင်ကြားရေးဆရာဆရာမများကလည်း မိမိတို့ရဲ့သင်ကြားရေး အရည်အသွေးများအစဉ်တိုးတက် မြင့်မားအောင်ကြံဆောင် ကြိုးပမ်းရင်း မိမိတို့ရဲ့တပည့်များကို အသိပညာကို အခြေခံပြီး လူနာနဲ့ မိသားစုများ အပေါ်မှာ မှန်ကန်တဲ့ ခံယူချက်ဖြင့် ကျွမ်းကျင်စွာ ပြုစုမှုပေးနိုင်သည့် သူနာပြုသားဖွားကောင်းများ ဖြစ်ထွန်းလာစေရေးကို ရည်ရွယ်ပြီး သင်ကြား ပေးကြရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း၊”စည်းကမ်းအစ စာသင်ကျောင်းက” ဆိုရိုးစကား အတိုင်း သင်တန်းသား/သူများကလည်း စည်းကမ်းနှင့်အညီ နေထိုင်ပြီး သင်တန်းကျောင်းက ပေါင်းစပ်ညှိနှိုင်း သင်ကြားပေးတဲ့ ပညာရပ်များကို ကြိုးစားသင်ယူပြီး နိုင်ငံနဲ့ လူမျိုးကို အကျိုးပြုနိုင်တဲ့ သူနာပြုသားဖွားကောင်းများ ဖြစ်လာအောင် ရည်မှန်းချက်ထားပြီးကြိုးစားကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း၊ယနေ့ကုတ်နဲ့ဦးဆောင်းအပ်နှင်းခြင်းခံရတဲ့ သင်တန်းသား/သူအားလုံး နိုင်ငံတော်ရဲ့ကျန်းမာရေးကဏ္ဍ မြင့်မားတိုးတက်အောင် စွမ်းဆောင်နိုင်မဲ့၊ ဘက်စုံထူးချွန်သော သူနာပြုကောင်းများဖြစ်လာပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြား ခဲ့ သည်။
ထို့နောက် အပတ်စဉ်(၅၀) သူနာပြု ဒီပလိုမာ သင်တန်းသား/သူများအား တာဝန်ရှိသူများကအမျိုးသား ကုတ် အင်္ကျီနှင့်သူနာပြုဦးဆောင်း ချီးမြှင့်အပ်နှင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆုများရရှိကြသော သင်တန်း သား/ သူများအား ဆုများအသီးသီးချီးမြှင့်သည်။
ဆက်လက်၍ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့် အပ်နှင်းခြင်းခံရသည့် သင်တန်းသား/ သူများက သူနာပြုကျင့်ဝတ်ရွတ်ဆို၍ “ဂရုဏာအလင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည်ရှုအားပေး၍ သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရှိရသည်။



