မော်လမြိုင်၊ အောက်တိုဘာ ၉
သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မွန်ပြည်နယ်အတွင်း အထင်ကရတန်ခိုးကြီး ဘုရား၊ စေတီများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများသည် ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီး ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ် ဘုရားကြီး သာသနာ့ဗိမာန်တော်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ကျိုက္ခမီမြို့ အဘိဓမ္မာအသင်းမှ မျှော်ချင့်ပဏ္ဏ ကန်တော့လွှာဖြင့် ရွတ်ဆိုပူဇော်ခြင်း၊ အေးရိပ်သာ မန္တလေး ကျောင်းတိုက်ဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ခြင်း၊ မေတ္တာသုတ်ပရိတ်တော် နာယူကြည်ညိုခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကာ လှူဒါန်းမှု အစုစု အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
အဲဒီနောက် ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ် ဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဘုရားကြီး ဘက်စုံမွမ်းမံ ဆောင်ရွက်ထားရှိမှု၊ ဘုရားဖူးများ တည်းခိုနေထိုင်ရေး စီစဉ်ဆောင်ရွက်မှု အခြအနေတို့အား ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမျှော်နိုင်ရေးနှင့် ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းချက်များအညီ ဖြစ်စေရေးကို အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓ ဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဩဝါဒစရိယ ဆရာတော်(၁၁)ပါး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမြတ်သွင်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက စေတီတော်မြတ်ကြီးကိုဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။
အဲဒီနောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်ပြီး အဘယသုတကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ သာသနထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်၍ ဆရာတော်ကြီးများထံမှ မေတ္တာသုတ်ပရိတ်တရားတော် နာယူကြည်ညိုခြင်း၊ ပြည်နယ်လူမှုရေးဝန်ကြီးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း များဆောင်ရွက်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ၊ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။