မော်လမြိုင်၊ အောက်တိုဘာ ၁၉
မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းဆောင်ရည်မြင့်မားစွာ ဆောင်ရွက်နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ လုပ်ဆောင်နိုင်ရေး ရည်ရွယ်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များ၊ အရပ်ဘက် လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကျရောက်လာသည့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင် ကြုံတွေ့ရပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် ရှာဖွေကယ်ဆယ်ရေး သင်တန်းများ ဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးရခြင်းပဲ ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်တွင်လည်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးဖြစ်စဉ်များဖြစ်ပေါ်သည်နှင့်တပြိုင်နက် ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် မမျှော်မှန်းနိုင်သော အခက်အခဲများ၊ ကြုံတွေ့ရသည့် အန္တရာယ်များအား အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် ကျွမ်းကျင်မှုနှင့် ကြံ့ခိုင်မှုများကို အပြည့်အဝ အသုံးချပြီး ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းများကို မျက်ခြေမပြတ် လေ့လာဆည်းပူးပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ပေးးကြရန် လမ်းညွှန်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ သင်တန်းသူ၊ သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။
မွန်ပြည်နယ်အတွင်း ဌာဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း လူမှုစီးပွားဘဝဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများစားရေရိက္ခာ ဖူလုံမှုရှိစေလေး အထူးအလေးပေး ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး တို့ကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရုံးဌာနများ ဥပတိရုပ်ကောင်းမွန်စေရေး၊ ရထားဘူတာများ၊ အဝေးပြေးကားဝင်းများနှင့် ယဉ်ရပ်နားရေးစခန်းများ၏ ပရိဝုဏ်အတွင်း၊ အပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် အများပြည်သူ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ကြစေရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး စနစ်တကျဆောင်ရွက်ကြရန်နှင့် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြစေရေး ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ ဌာနပိုင်မြေများကို ကျူးကျော်နေထိုင်မှု မရှိစေရေးနှင့် ကျူးကျော်နေထိုင်မှုများရှိပါက ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ဌာနများအနေအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာပြီး လုပ်ထုံးလုပ်နည်းများအညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုစေသည့်အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကို ဖော်ဆောင်၍ ကောင်းမွန်သောစီးပွားရေး အခြေအနေများဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
အဲဒီနောက် တက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းအခြေအနေများ၊ မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။









