ချောင်းဆုံ ဧပြီ ၂၇
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရန် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ကွမ်သဲကျေးရွာရှိ တစ်ပိုင်တစ်နိုင် စီးပွားဖြစ်ဝက်မွေးမြူရေးခြံ နှင့် ဘိုးနက်ကျေးရွာ ကျွဲလမ်းတူးမြောင်း တူးဖော်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်ပေးမှုဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးကွမ်သဲကျေးရွာ အမှတ် (၈)ရပ်ကွက်ရှိ ဦးဝင်းနိုင်၏ ဂျုးရောစ် ၊ DYL မျိုးမြင့်ဝက် အကောင်ရေ (၈၈) ကောင် မွေးမြူထားသည့် တစ်ပိုင်တစ်နိုင်စီးပွားဖြင့်ဝက်မွေးမြူရေးခြံလုပ်ငန်းနှင့် ဒူးရင်ပင်စိုက်ပျိုးရေး လုပ်ငန်းကိုပူးတွဲ ဆောင်ရွက်ထားမှုများအပေါ် ကြည့်ရှုအားပေးကာပြည်နယ်ဝန်ကြီးချုပ်က ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး၊ သဘာဝမြေသြဇာရရှိစေရေးအတွက်တိရစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေးစွန့်ပစ်ခြင်းများကို စနစ်တကျဆောင်ရွက်စေရေး၊လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ မွေးမြူးရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းကို စနစ်တကျဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည့်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တာဝန်ရှိသူများမှ ဘိုးနက်ကျေးရွာ ကျွဲလမ်းတူးမြောင်းတူးဖော်ခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုခဲ့ရာ မွန်ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင့်နိုင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ကပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ချောင်းကော၊ မြောင်းကော၊ သဘာဝရေနှုတ် မြောင်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ၊ မြစ်ကမ်းပါး၊ ချောင်းကမ်းပါးရှိ တာတမံများတည်ဆောက် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးတောင်သူများအတွက် လိုအပ်သည့် စိုက်ပျိုးရေကို ရာသီမရွေး ရရှိလာမည်ဖြစ်ကာ နွေသီးနှံ၊ ဆောင်းသီးနှံ၊သီးထပ်သီးညှပ်များကိုပိုမို စိုက်ပျိုးလာနိုင်မှာ ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဆိုသည့်အတိုင်း ရေမြေဒေသနှင့် ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူများအနေဖြင့်မြေလွတ်၊ မြေလပ်မကျန်ရအောင် ရေ၊ မြေဒေသနှင့်ကိုက်ညီသည့် မျိုးများကို နည်းစနစ်မှန်စွာ စိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။ထို့နောက်တက်ရောက်လာသည့် ဒေသခံ တောင်သူများက ရေထိန်းတံခါးတပ်ဆင်ပေးရေး၊ကုန်ထုတ်လမ်းဖောက်လုပ်ပေးရေးအတွက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်ကတင်ပြချက်များပေါ်လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ စက်ယန္တယားများဖြင့် ကျွဲလမ်းတူးမြောင်းဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကျွဲလမ်းတူးမြောင်း တူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး တူးမြောင်းအလျား (၇၅၀၀)ပေ ၊ အောက်ခြေအကျယ် (၁၂)ပေ နှင့် ပျမ်းမျှအနက် (၆.၅၀)ပေ တို့ဖြင့် ယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူးမြောင်းပြီးစီးပါက ဘိုးနက်ကျေးရွာရှိ မိုးစပါးစိုက်ဧက (၁၅၀၀)ဧကအား ရေကြီးနပ်မြုပ်မှုမှ လျော့နည်းသက်သာစေပြီး အစိုဓာတ်ရရှိသည့်အတွက် ဆောင်းသီးနှံ စိုက်ပျိုးရာ၌ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန မှ သိရသည်။



