မော်လမြိုင်၊ ဇူလိုင် ၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၅ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့မှ ကျောင်သူများနှင့် သင်တန်းသူများ၊ ထူးချွန်ဆုရရှိကြသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့်မားစေရေးနှင့်အကာအကွယ်ပေးရေး ဆိုင်ရာလုပ်ငန်းများ၏ အရေးကြီးမှုကို ပြည်သူလူထုမှ သိရှိနားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ပြီး နှစ်စဉ်နှစ်တိုင်း အမျိုးသမီးများနှင့်ပတ်သက်သော အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (joint Communique) ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ လက်မှတ်ရေးထိုးကာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် လျက်ရှိရာမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစ၍ လုပ်ငန်းစီမံချက်စတုတ္ထသက်တမ်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအမျိုးသမီးများသည် မိသားစုတာဝန်များသာမက နိုင်ငံတော် ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးတို့အပါအဝင် အရေးပါတဲ့ကဏ္ဍတွေမှာ ဘက်ပေါင်းစုံကနေ ပါဝင် ထမ်းဆောင်နေကြတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ မြို့ပြ၊ ကျေးလက် မကျန် အရပ်ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ အမျိုးသမီးများ အားလုံးကို လေးစားဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် အမျိုးသမီးများရဲ့ ဘဝဖွံ့ဖြိုးရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ကျား၊ မ တန်းတူညီမျှရေးနှင့်အမျိုးသမီးများအား အကြမ်းဖက်မှုမှ တားဆီးကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို နိုင်ငံတော် အစိုးရနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် Video clip အား ပြသခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးတို့က မွန်ပြည်နယ်အတွင်း စီးပွားရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ပညာရေး ကဏ္ဍများတွင် ထူးချွန်ခဲ့သော အမျိုးသမီးများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အမျိုးသမီးေရးရာအဖွဲ့၊ မိခင်နှင့်ကေလး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ဝန်ထမ်းများနှင့် ကျောင်သူလေးများ၏ ကပြဖျော်ဖြေတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည့် ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထာေသာ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဓါတ်ပုံပြခန်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ အိမ်တွင်းမှုကျောင်းနှင့် မော်လမြိုင်မြို့ OSWSC တို့မှ ထုတ်ကုန်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ အရောင်းပြခန်းများ၊ ဒေသတွင်းအမျိုးသမီးအဖွဲ့များ၏ ဒေသထွက်ကုန်များအား လှည့်လည် ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိရသည်။






