Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၊ နဝမအကြိမ် မွန်ပြည်နယ်၊ ပြည်နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေး တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၊ နဝမအကြိမ် မွန်ပြည်နယ်၊ ပြည်နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေး တက်ရောက်

by admin

မော်လမြိုင်၊ ဇွန် ၂၆ 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ 

ဦးစွာ အခမ်းအနားတွင် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အဖွင့်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး ကမ္ဘာ့လူသားထုတစ်ရပ်လုံးနဲ့ နိုင်ငံအသီးသီးကို ခြိမ်းခြောက်နေတဲ့ ပြဿနာဖြစ်တဲ့အပြင် တရားဥပဒေစိုးမိုးရေး၊ လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့ ဉာဏ်ရည်မြင့်မားရေး၊ ကျန်းမာရေးနဲ့လူမှုရေး၊ စီးပွားရေးတို့ကိုလည်း ခြိမ်းခြောက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြားတစ်ဖက်မှာလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ မူးယစ်ဆေးဝါး ပြဿနာများကို ထိန်းချုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံကကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “Break the Cycle. Stop Organized Crime” “အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့၊ အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့” နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံးက မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးကို နိုင်ငံတော်အစိုးရနဲ့အတူ လက်တွဲပူးပေါင်းကာကွယ် တိုက်ဖျက်ကြရန်တိုက်တွန်းပြောကြားသည်။ 

ထို့နောက်  မွန်ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌထံမှ ပေးပိုသည့်သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ 

ယင်းနောက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ဆောင်ရွက်ချက် မှတ်တမ်း Video Clipအားပြသနေမှုတို့ကို ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးက လက်ခံရယူပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးများအား ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ 

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူး၍  ပြည်နယ်ဝန်ကြီးချုပ်က ခန်းမအတွင်း ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြခန်းများအား  လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။ 

နဝမအကြိမ်၊ မွန်ပြည်နယ်၊ ပြည်နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ပထမ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ဆရာတော်ကြီးများအားဦးစီးအမှူးပြု၍ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ ပြည်နယ်သံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများထံ အစည်းအဝေး အထမြောက် အောင်မြင်ကြောင်း လျှောက်ထားခဲ့ပြီး မွန်ပြည်နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့၊ အဘယသုတာရာမကျောင်းဆရာတော် ဂန္ထဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသာသနမှ အဖွင့်ဩဝါဒကထာ မြွက်ကြားသည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နဝမအကြိမ်၊ မွန်ပြည်နယ်၊ ပြည်နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေးအတွက် သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ပြည်နယ်သံဃနာယကအဖွဲ့၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ခဲ့သော သာသနာရေးရာ၊ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ ကဏ္ဍများကို အစီရင်ခံ ဖတ်ကြားတင်ပြခြင်း၊ ပြည်နယ်သံဃနာယကအဖွဲ့၏ အစီရင်ခံစာအပေါ် ဆွေးနွေး အကြံပြုခြင်း၊ ဆွေးနွေးချက်များအပေါ်ပြန်လည်ရှင်းလင်းခြင်းနှင့် အစီရင်ခံစာကို အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး သဘာပတိဆရာတော်က နိဂုံးချုပ် ဩဝါဒကထာ မြွက်ကြားကာ အစည်းအဝေးကိုဇယန္တော ဗောဓိယာမူလေ နှစ်ဂါထာရွတ်ဆို ရုပ်သိမ်းခဲ့သည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အစည်းအဝေးသို့ ကြွရောက်တော်မူလာကြကုန်သောဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ 

You may also like