Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် မဟာကန်တော်ကြီး သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားနှင့် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၁)၏ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် မဟာကန်တော်ကြီး သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားနှင့် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၁)၏ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

by admin

မော်လမြိုင်      ဇွန်      ၁၈

 မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန် ၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်၍ ငါးထုတ်လုပ်မှု တိုးတက်လာစေရန် နဲ့ ငါးမျိုးများ ပွားများလာစေရန် ရည်ရွယ်ပြီး မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ဇွန်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ချောင်းဆုံအနောက်ရပ်ကွက် မဟာကန်တော်ကြီး သဘာဝ ကန်ရေပြင်မှာပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီများ တက်ရောက်ခဲ့သည်။

ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က ငါးအလွန်အကျွံ ဖမ်းဆီးခြင်းကြောင့်လည်းကောင်း၊ သဘာဝအရလည်းကောင်း ၊ ငါးသယံဇာတလျော့နည်း ပျက်စီးသွားမှုကို မူလအခြေအနေ အတိုင်း ပြန်လည်ရောက်ရှိရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန်အတွက်  သဘာဝရေပြင် အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေခြင်းဖြစ်ကြောင်း ၊ ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့်  ငါးရိက္ခာဖူလုံစေပြီး ရေထွက်ကုန်များမှ အစားအစာဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ပြည်နယ်/ခရိုင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများမှ  မဟာကန်တော်ကြီး သဘာဝကန်ရေပြင်အတွင်းသို့ ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ပေးကြပြီး တက်ရောက်လာကြသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအတွက် သထုံမြို့နယ်ငါးလုပ်ငန်းစခန်းမှ (၂)လက်မနှင့် အထက် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၅)သောင်း နှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၁)သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ  (၁)သိန်း(၅)သောင်းကို ငါးမျိုးစိုက်ထည့် ခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန၏ ၂၀၂၅ခုနှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၁၈ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင် ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ ကျောင်းသား ၊ ကျောင်းသူများက “ဘက်စုံကိုရည်တို့လှမ်းချီ” တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယခုသင်တန်းဟာ ယခင်က လုပ်ငန်းခွင်အကြိုမူလတန်း ဆရာ အတတ်ပညာ(PPTT)သင်တန်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ ( Dip.EP)သင်တန်းသို့ အဆင့်တိုးမြှင့်ခဲ့ကြောင်း၊ ပညာရေးဆိုတာ နိုင်ငံတစ်နိုင်ငံ၏ ပင်မကျောရိုး ဖြစ်သည့်အပြင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးတို့ အတွက် အရေးကြီးဆုံး အခြေခံကဏ္ဍဖြစ်သည့်အတွက် အဓိက အကောင်အထည်ဖော်ပေးမည့်သူများဟာ ဆရာ၊ ဆရာမများ ဖြစ်ကြောင်း၊စာပေသင်ကြားရာမှာ ဘာသာရပ်ဆိုင်ရာ အသိပညာများကိုသာမက သက်ဆိုင်ရာ အသက်အရွယ်အုပ်စုနဲ့အညီ ကလေးများ၏ အသိပညာ၊ ကျွမ်းကျင်မှု၊ စိတ်နေသဘောထားများကို ကောင်းမွန် မှန်ကန်အောင်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာအောင် ဂရုပြုသင်ကြားပေးရမှာဖြစ်ကြောင်း၊ နိုင်ငံဝန်ထမ်းများအဖြစ်တာဝန်ထမ်းဆောင်ကြမည့်ဆရာ/မများသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရိုသေခြင်း၊တည်ဆဲ ဥပဒေများကို လိုက်နာခြင်း၊ လုပ်ငန်းတာဝန်များကို ကေျပွန်စွာဆောင်ရွက်ခြင်း၊ ပါတီနိုင်ငံရေးကင်းရှင်းခြင်း ၊ ရိုးသား​ဖြေင့်မတ်ခြင်း စသည့် လူကောင်းလူတော်များအဖြစ် ဝန်ထမ်းကောင်းဘဝကို ခံယူရင်း နိုင်ငံတော်က ပေးအပ်သော အမိန့်နှင့် တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းဆင်း အမှာစကားပြောကြား၍ ကျောင်းသူ(၁)ဦးက “ နှလုံးသားကိုအလှဆင်ပါ “ သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ဆုရသင်တန်းသား၊ သင်တန်းသူများအား မွန်ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းသူများက “ နပန်းဆံ “ သီချင်းဖြင့် လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများက “ လမ်းပြကြယ် “ သီချင်းဖြင့် လည်းကောင်း ကပြဖျော်ဖြေတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

You may also like