နောက်ခံသမိုင်းကြောင်း
မွန်ပြည်နယ်အဖြစ်ဖွဲ့စည်းထားသောနယ်မြေသည်ယခင်ကတနင်္သာရီတိုင်းအတွင်း ပါဝင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၄-၁၁-၁၉၆၅) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၇၇၁)ဖြင့် လည်းကောင်း၊ မြိတ်ခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ထားဝယ်ခရိုင်ကို မြို့နယ်(၄)မြို့နယ်ဖြင့်လည်းကောင်း စုစည်း၍ တနင်္သာရီတိုင်းအဖြစ် ဖွဲ့စည်းထားခဲ့ပါသည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံး၏ (၂၀-၆-၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် တနင်္သာရီတိုင်းတွင်ပါဝင်သော မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ်(၁)အဖြစ်လည်းကောင်း၊ ထားဝယ်ခရိုင်နှင့်မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ်(၂)အဖြစ်လည်းကောင်း သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၃-၈-၁၉၇၂)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၃၆၆)ဖြင့် ၁၉၇၂ခုနှစ်၊ ဩဂုတ်လ(၇)ရက်နေ့မှစ၍ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့ပါသည်။ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အုပ်ချုပ်ရေးအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်သည် ခရိုင်(၂)ခု၊ မြို့နယ်(၁၀)မြို့နယ်၊ မြို့(၁၇)မြို့၊ ရပ်ကွက်(၁၀၆)၊ ကျေးရွာအုပ်စု (၃၆၈)နှင့် ကျေးရွာပေါင်း(၁၁၄၃)ပါဝင်ပါသည်။ ၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၀)၊ ပုဒ်မခွဲ(ဂ) ဖြင့် တနင်္သာရီတိုင်းအမှတ်(၁)ကို မွန်ပြည်နယ်အဖြစ် (၁၉-၃-၁၉၇၄)ရက်နေ့တွင် သတ်မှတ်ခဲ့ပါသည်။ (၁၉-၁၀-၁၉၉၂)ရက်နေ့တွင် ပြည်နယ်/တိုင်းများအလိုက် ပါဝင်သည့် မြို့နယ်စုများ သတ်မှတ်ခဲ့ရာ တွင် မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်အတွင်း မော်လမြိုင်မြို့နယ်စုနှင့် သထုံမြို့နယ်စုပါဝင် ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၇-၁၀-၁၉၉၂)ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် မြို့နယ်စုများ အမည်ကို အုပ်ချုပ်ရေးသဘောအရ အခေါ်အဝေါ်ရှင်းလင်းစေရန် ခရိုင်ဟုပြင်ဆင်သတ်မှတ်ခဲ့သဖြင့် မော်လမြိုင်ခရိုင်၊သထုံခရိုင်ဟု ပေါ်ပေါက်ခဲ့ပါသည်။ ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာန၏( ၃၀- ၄ -၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ကျိုက်ထိုခရိုင်နှင့် ရေးခရိုင်တို့အား တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့သဖြင့် မွန်ပြည်နယ်သည် ခရိုင်(၄)ခု၊ မြို့နယ်(၁၀)မြို့နယ်၊ မြို့(၁၇)မြို့၊ ရပ်ကွက် (၁၀၆)ရပ်ကွက်၊ ကျေးရွာ အုပ်စု (၃၆၈)အုပ်စု၊ ကျေးရွာ (၁၁၄၃)ကျေးရွာဖြင့် ဖွဲ့စည်းထားပါသည်။မွန်ပြည်နယ်၏ မြို့တော်သည် မော်လမြိုင်မြို့ဖြစ်ပါသည်။ရန်ကုန်မြို့မှ ကီလိုမီတာ ၃၀၀ (၁၈၅)မိုင် ကွာဝေးပါသည်။ မော်လမြိုင် မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်သစ် နေပြည်တော်မတည်ထောင်ခင် ၂၀၀၆ခုနှစ်ထိ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်ခဲ့ပါသည်။
အသေးစိတ်ဖတ်ရှုရန်