မော်လမြိုင်၊ ဇွန် ၂၄
မော်လမြိုင်မြို့၊ မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ မြဆည်းအာ ဘိုးဘွားများခိုလှုံရာရိပ်သာနှင့် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တနရိန္ဒ ၏ သက်တော်(၄၇)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားနှင့် နဂါးမောက်စေတီတော်မြတ်ကြီး သာသနာ အလုပ်အကျွေးပြု ဆင်တော်မင်္ဂလာ(၅)စင်းမှ စေတီတော်မြတ်ကြီးထံ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ နဂါးမောက်ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ တိုင်းမှူးဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်းမိသားစုနှင့် အလှူရှင်တို့က ဆရာတော်၊ သံဃာတော် အရှင်မြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် သင်္ကန်းများအား လည်းကောင်း ဆရာတော် ဘဒ္ဒန္တနရိန္ဒ ၏ သက်တော်(၄၇)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအတွက် လှူဖွယ်ဝတ္ထုငွေများအား လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နဂါးမောက်စေတီတော်မြတ်ကြီး သာသနာအလုပ်အကျွေးပြု ဆင်တော်မင်္ဂလာ (၅)စင်းမှရှင်ပြုနားသ အလှူဝတ်လှည့်လည်ခြင်းမှ ရရှိသော ရွှေစင်(၂)ကျပ်သားအား နဂါးမောက်စေတီတော်မြတ်ကြီးထံ ဘုရားဘဏ္ဍာအဖြစ် ပေးအပ်လှူဒါန်းမှုကိုယ်စား မြဆည်းဆာနှင့်နဂါးမောက်အကျိုးတော်ဆောင်အဖွဲ့မှလှူဒါန်းမှု အပေါ် လက်ခံရယူခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။



