မော်လမြိုင် ဇွန် ၁၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုပညာသင်နှစ် ဆိုလျှင် (၁၁)နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါကာလအတွင်း မြန်မာ့လက်ရွေးစင်၊ ပဏာမလက်ရွေးစင်၊ လူငယ် လက်ရွေးစင်နှင့်အဖွဲ့ချုပ်လက်ရွေးစင် စုစုပေါင်း(၈၇)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်တွင်းအားကစားပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ် (၁၃၄)ခု၊ ငွေတံဆိပ် (၁၉၁)ခုနှင့် ကြေးတံဆိပ်(၂၇၃)ခု၊ စုစုပေါင်းဆုတံဆိပ် ပေါင်း (၅၉၈) ရရှိထားပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်အားကစားနည်း( ၆)နည်း၊သင်တန်းသား/သူ(၉ ၄)ဦးရှိပြီး ကရင်ပြည်နယ်မှ(၁၉)ဦး၊တနသ်ာရီတိုင်းဒေသကြီးမှ (၂၄)ဦး၊ မွန်ပြည်နယ်မှ (၅ ၁)ဦး တက်ရောက်ကြမည်ဖြစ်ကာ သင်တန်းသားများအနေဖြင့်လည်း ကောင်းမွန်သည့် အစဉ်အလာရှိသည့် မိမိတို့ ကျောင်း၏ဂုဏ်၊ ပြည်နယ်၏ ဂုဏ်ကို ပိုမိုမြှင့်တင်နိုင်အောင် နည်းပြ ဆရာများ၏ လေ့ကျင့်သင်ကြားပေးမှုများအား ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားလေ့ကျင့် သင်ယူကြရန်၊ ပညာရည် ထူးချွန်ထက်မြက်သူများဖြစ်လာရန်အတွက် အားကစားနှင့်ပညာရေး ပေါင်းစပ်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများရဲ့ သင်ကြားပေးမှုကို ကြိုးစားသင်ကြား နာယူကြရန်၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများဖြစ်အောင် အစွမ်းကုန်ကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ အမှာစကား ပြောကြားကာ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)၊ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်၊ မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအသင်းနှင့် အလှူရှင်များက အားကစားနှင့် ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းအုပ်ကြီး၊ ဦးမောင်မောင်မြင့်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား/သူများ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။



