Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားနှင့် မော်လမြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားနှင့် မော်လမြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

by admin

မော်လမြိုင် ဇူလိုင် ၂၃
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇူလိုင်၂၃ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတွင် အမှတ်(၉)မူးယစ်တပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးကြီး သန်းအေးက လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအလွဲသုံးရာမှ စွဲစေတတ်သည့် ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၊ မူးယစ်ဆေးဝါး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးစွဲလက္ခဏာများ အကြောင်းကို အသိပညာပေး ဟောပြောပြီး  မော်လမြိုင်ခရိုင်ရုံးမှ ဥပဒေအရာရှိ ဦးကိုကိုမောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် တရားဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာ ဗဟုသုတများအကြောင်းကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော မူးယစ်အန္တရာယ် တားဆီးကာကွယ်၊ မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေး၊ ကျောင်းသားလူငယ်များလိုက်နာသင့်သည့်အချက်များစသည့် အသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။ 
မွန်ပြည်နယ်အတွင်း လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မော်လမြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၃ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျငပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် ယခုရွေးကောက်ပွဲသည် အီလက်ထရောနစ်စက်ကို အသုံးပြု၍ ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲ ဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးသည် အဓိကကျသော အပိုင်းဖြစ်၍ မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ် ရွေးကောက်ပွဲနေ့၌ မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေး စက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီ ယခုသင်တန်းတွင် စနစ်တကျ သင်ကြားပြသပေးမည်ဖြစ်ကြောင်း၊  မဲရုံအသီးသီးတွင် မဲပေးစက်၊ ထိန်းချုပ်စက် (Control Unit)ကို ကိုင်တွယ် ကြီးကြပ်ရမည့် မဲရုံအဖွဲ့ဝင်များအနေဖြင့် မဲပေးစက်အစိတ်အပိုင်း တစ်ခုစီ၏ ဖွဲ့စည်းတည်ဆောက်ထားမှု ဆန္ဒမဲပေးသည့်လုပ်ငန်းကို ဆောင်ရွက်မှု စသည်တို့ကို ကျွမ်းကျွမ်းကျင်ကျင်ဖြင့်သိရှိပြီး လက်တွေ့ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ခြင်းအတွက် အချိန် ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွှဲမှားမှုများကိုကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များ ထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများလည်း မရှိနိုင်တော့ဘဲ ပွင့်လင်းမြင်သာသည့် တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပြည်နယ်‌ရွေးကောက်ပွဲကော်မရှင်အရာရှိက ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို အခြေခံပညာကျောင်းများမှသင်တန်းသား၊ သင်တန်းသူ(၃၇၆)ဦးဖြင့် ဇူလိုင်လ (၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

You may also like