မော်လမြိုင် ဇူလိုင် ၁၅
ကျောင်းသား၊ ကျောင်းသူများ ငလျင်ဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက နည်းစနစ်တကျ တုန့်ပြန်ကာကွယ်ခြင်းဖြင့် အသက်အန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ပြည်နယ် ဝန်ကြီးချုပ် ဦးေအာင်ကြည်သိန်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ မွန်ပြည်နယ်အတွင်း အသိပညာပေး ဟောပြောပွဲ၊ ဇာတ်တိုက်လေ့ကျင့်မှု၊ Talk Show အပါအဝင် စုစုပေါင်း (၁၁) ကြိမ် ပြုလုပ်ရန် လမ်းညွှန်မှုအရ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပထဝီအနေအထားအရ မီးဘေး၊ ငလျင်ဘေး၊ ရေဘေး၊ လေဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေးစတဲ့ ဘေးအန္တရာယ်အမျိုးမျိုးရဲ့ စိန်ခေါ်မှုများလည်း တဖြည်းဖြည်း ကြီးမား လာတာကို တွေ့ရှိရကြောင်း၊ ဘေးမဖြစ်ပွားမီအဆင့်၊ ဒုတိယအဆင့် ဘေးဖြစ်ပွားစဉ် အရေးပေါ်အခြေအနေ၊နောက်ဆုံးအဆင့်ဘေးဖြစ်ပွားပြီးနောက် ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပြည်သူ လူထုအနေဖြင့် နဂို မူလအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ပိုင်ဆိုင်ဖို့အတွက် ထိရောက်ပြီး စနစ်ကျသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းလမ်း များကို လိုက်နာဆောင်ရွက်ရမှာ ဖြစ် ကြောင်း၊ ဟောပြောပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် ငလျင်ဘေး အန္တရာယ်ဆိုင်ရာ အသိပညာများ ရရှိပြီး ငလျင်ဘေးအန္တရာယ်နဲ့ ကြုံတွေ့ လာပါက ထိရောက်စွာ အသုံးချပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းဌေးအောင်က ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းေပြာကြားပြီး မွန်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးစည်သူစိုးက ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ ငလျင်လှုပ်နေချိန်နှင့် လှုပ်ပြီးချိန်များတွင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြော၍ လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။




