မော်လမြိုင် ဇွန် ၃၀
၂၀၂၅ခုနှစ်၊ (၁၅) ကြိမ်မြောက်၊ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်မှာလည်း အောင်မြင်စွာကျင်းပြုလုပ်သွားမှာဖြစ်ပြီးမော်လမြိုင်မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများအားလုံးသို့ ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီဝင်များအနေဖြင့် တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းများကို လစ်ဟာမှုမရှိစေဘဲ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသောကော်မတီများက (၁၅) ကြိမ်မြောက်၊ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ဝါတွင်းကာလ ဝါဆိုသော ကျောင်းတိုက်အားလုံးကိုလည်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။



