Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားတက်ရောက်

by admin

မော်လမြိုင်၊ ဇူလိုင် ၁၆

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက အရေှ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရေှ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်ကြည်သိန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး တရားဥပဒေဆိုင်ရာပုဒ်မများနှင့်ပတ်သက်သည်များကို အသိပညာပေး ပြောကြားသည်။ ထို့နောက် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း လူငယ် (၅)မှ လက်နက်များပေးအပ်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများကလက်ခံရယူကြပြီး ဂုဏ်ပြုလက်ဆောင်နှင့် ထောက်ပံ့​ငွေများပေးအပ်ကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း လူငယ်များကိုယ်စားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အား​ပေးစကားများ​ပြောကြားခဲ့ကြသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

You may also like