Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား တက်ရောက်

by admin

မော်လမြိုင် ဇူလိုင် ၁၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊  မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်) တို့၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ဇူလိုင်၁၈ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ဆရာဆရာများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများအားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနများအားလုံး၏ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားဖြစ်ပြီး အားကစားနှင့်သက်ဆိုင်သောနေရာများတွင် စိမ်းလန်းစိုပြေစေဖို့၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေဖို့၊ ဂေဟစနစ်တွေ ထိန်းသိမ်းနိုင်ဖို့နဲ့ သစ်တောထိန်းသိမ်းရေးလုပ်ငန်း တွေမှာ ဌာနဝန်ထမ်းများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကမ္ဘာနှင့်အဝန်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကြုံတွေ့ရလျက်ရှိပြီး အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်းစတဲ့ ထူးကဲတဲ့ မိုးလေဝသဖြစ်စဉ်တွေကို ရင်ဆိုင်ရလျက်ရှိကြောင်း၊ ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် အဖိုးတန်သစ်မျိုး၊ ဒေသမျိုးရင်း သစ်မာသစ်မျိုး၊ ရာသီအလိုက် ဖူးပွင့်သည့် အပင်မျိုး၊ ကြီးမြန် သစ်မျိုး၊ အမြဲစိမ်း သစ်မျိုး၊ အရိပ်ရသစ်မျိုးစသည့် အမျိုးအစား စုံလင်စွာ တွေ့ရှိနိုင်ပြီး အပင်အမျိုးမျိုးကို အစီအစဉ်တကျ စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ပုဒ်ဖြစ်သည့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆိုသည့်အတိုင်း  အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဌာနဆိုင်ရာ၊ ပြည်သူလူထုနှင့် အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် မိုးရာသီ စိုက်ပျိုးမည့် အပင်များအား စိုက်ပျိုးခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အရိပ်ရသစ်မာအမျိုးအစားများအား တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများနှင့်၊ အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)မှ ဝန်ထမ်းများကတစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သာသနာနွယ် ဆရာတော်၏ သက်တော် (၄၆) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး ဦးစွာ ပြည်နယ် ဝန်ကြီးချုပ်က သာသနာနွယ်ဆရာတော်ရဲ့ ကုသိုလ်ပြုမှုနှင့်ကုက္ကိုလ်ပင်၊ အခြားကြီးမြန်အပင် စုစုပေါင်း (၁၈၉) ပင်ကို သစ်တောဦးစီးဌာန၏ပူးပေါင်းကူညီပါဝင်မှုဖြင့် စိုက်ပျိုးသွားမှာ ဖြစ်ကြောင်း၊ ရဟန္တာ (၅၀၀)၊ ယောက်ကော်ဘုန်းကြီးကျောင်း၊ ကမ္ဘာလုံး ဘုန်းကြီးကျောင်း၊ မဟာစည်သာသနာ့ရိပ်သာ တို့ကို သွားရောက်သည့် လမ်းဘေး ဝဲ/ ယာ မှာ အရိပ်အာဝါသကောင်းမွန်ပြီး စိမ်းလန်းသာယာစေဖို့ အားလုံးစုပေါင်းပါဝင်မှုနှင့်စိုက်ပျိုးကြသည့်အတွက် ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုသည့်အတိုင်း အလွန်ဝမ်းမြောက်ကြည်နူးရပါကြောင်း၊ သစ်ပင်သစ်တောများဟာ သက်ရှိများနေထိုင်ရာ ကမ္ဘာမြေကြီး သာယာလှပစေဖို့နဲ့ သက်ရှိများ ကောင်းမွန်စွာရှင်သန်နိုင်ဖို့ များစွာပံ့ပိုး ကူညီပေးပြီး ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းပေးပြီး ဂေဟစနစ်များ တည်ငြိမ်စေပါကြောင်း၊  နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု လျှော့ချရေးနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အလွန်အရေးပါတဲ့ သစ်ပင်သစ်တောများ၊ သစ်တောဂေဟစနစ် ထိန်းသိမ်း ရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံက ရှုမြင်သုံးသပ်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ထိန်းသိမ်းကာကွယ် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သာသနာနွယ်ဆရာတော် ဦး‌ဆောင်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် မိုးရာသီ စိုက်ပျိုးမည့် အပင်များအား စိုက်ပျိုးခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်မာအမျိုးအစားများဖြစ်သော ကုက္ကို၊ မယ်ဇယ်၊ ခရေ၊ ရင်ခတ်၊ အနန်း၊ စိန်ပန်း(နီ)၊ စိန်ပန်း(ဝါ)၊ ရေတမာ စသည့်သစ်ပင်အမျိုးအစားများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် သာသနာနွယ်ဆရာတော်အရှင်သူမြတ်အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ 

You may also like