မော်လမြိုင်၊ ဇွန် ၁၄ မွန်ပြည်နယ်အတွင်း ဘုရား၊ စေတီ၊ ပုထိုးများနှင် သာသနိက အဆောက်အဦများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး အများပြည်သူများ စိတ်အေးချမ်းမြေ့စေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ခြုံနွယ်များ၊ မြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓမ္မဗိမာန်တော်ကြီးအတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေခြင်းအပေါ် ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပရိယတ္တိဓမ္မဗိမာန်တော်ကြီးအား လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘုရား၊ စေတီ၊ ပုထိုးများနှင် သာသနိက အဆောက်အဦ ပုရဝုဏ်များတွင် သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေမှု ရှိစေရေး အလေးထား ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပရိယတ္တိဓမ္မဗိမာန်တော်ကြီးအတွင်း အမှိုက်များနှင့် မြက်များအားရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ သာသနိက အဆောက်အဦးများတွင် စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူ ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စေတနာ သွေးသန့်/ သွေးလှူရှင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဇွန်လ(၁၄)ရက်နေ့ဟာ ကမ္ဘာ့ကြက်ခြေနီ အဖွဲ့အစည်းကြီး နှစ်ရပ်ဖြစ်တဲ့ အိုင်စီအာစီနှင့် ဖက်ဒရေးရှင်းတို့က အတည်ပြု သတ်မှတ် တဲ့ “ကမ္ဘာ့ သွေးလှူရှင်များနေ့”ဖြစ်ကြောင်း၊ Karl Landsteiner (ကားလန်စတိန်းနား) ပုဂ္ဂိုလ်ဟာ သွေးသွင်းကုသရာမှာ အချက်အချာ ကျတဲ့ သွေးအုပ်စုများခွဲခြင်း (A, B,O system)ကို ရှာဖွေတွေ့ရှိတဲ့အတွက် ၁၉၃၀ မှာ နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရခြင်းကို ဂုဏ်ပြုသောအားဖြင့် သူ့မွေးနေ့ကို “ကမ္ဘာ့သွေးလှူရှင်များနေ့” အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သွေးလှူဒါန်းခြင်းဆိုတာ လှူနိုင်ခဲသည့် မွန်မြတ်သော ဒါနပြုခြင်း တစ်မျိုးဖြစ်ပြီး ကြင်နာမှုနှင့် စာနာမှု ဂရုဏာ လမ်းကြောင်းအတိုင်း ဆက်လက်စီးဆင်းနေတဲ့ မေတ္တာစိတ်ဓာတ် စွမ်းအားများ ဖြစ်၍ စေတနာသွေးလှူရှင်ဆိုတာ သွေး (သို့မဟုတ်) သွေးအစိတ်အပိုင်းများ ကို မိမိ၏ သဘောဆန္ဒအလျောက် ပေးလှူသည့်အတွက် ငွေသားဖြစ်စေ၊ ပစ္စည်းတစ်စုံတစ်ရာဖြစ်စေ၊ အခကြေးငွေဖြစ်စေ မရရှိသော ပုဂ္ဂိုလ်ကို သွေးလှူရှင်ဟုခေါ်ပါကြောင်း၊စေတနာသွေးလှူရှင်များသည် မိမိ၏ သန့်စင်မွန်မြတ်တဲ့ သွေးသန့်ကို လှူဒါန်းခြင်းဖြင့် မိမိကိုယ်ကို မြတ်နိုးဂုဏ်ယူ တန်ဖိုးထားပြီး ဆက်လက် ဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကြက်ခြေနီသူနာပြုတပ်ဖွဲ့ လုပ်သက်(၃၀)နှစ်ပြည့် တပ်ဖွဲ့ဝင်(၂)ဦးအား ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီသို့ ဂုဏ်ပြုထောက်ပံ့ငွေ(၁၀)သိန်းနှင့်အလှူရှင် ဦးလှထွန်းမှသိန်း (၄၀)ကျပ်ပေးအပ်ရာ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်(၂)ဦးက လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ၂၀၂၅ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်တွင် ကျင်းပပြုလုပ်ရာ ဦးစွာ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြမည့် သူများကို ကိုယ်အလေးချိန် နှင့် သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပြည်နယ်/ခရိုင်/မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မော်လမြိုင်တက္ကသိုလ်ကြက်ခြေနီတပ်ဖွဲဝင်အင်အား(၇၈) ဦးတို့၏ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေး၍ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။





