မော်လမြိုင် ဧပြီ ၂၂
ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်သည့် မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ် အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၂ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒီနေ့ဟာဆိုရင် တပ်မတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နှင့်အညီ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် မင်္ဂလာဒုံလေ တပ်စခန်းဌာနချုပ်တို့မှ ကြီးမှူးဖွင့်လှစ်တဲ့ရေကြောင်း လူငယ်(အခြေခံနှင့်တန်းမြင့်) သင်တန်း၊ လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်လှစ်တဲ့ ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံတဲ့ နေ့တစ်နေ့ဘဲဖြစ်ပါကြောင်း၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့မှ အခုလိုရေကြောင်း/ လေကြောင်း လူငယ်သင်တန်းများ ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ မောင်တို့/ မယ်တို့လို ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး အခြေခံအဆင့်တတ်မြောက်စေရေး၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သော လူငယ်/ လူရွယ်များဖြစ်လာစေရေး၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့အတွက် ရေကြောင်းပညာရပ်၊ လေကြောင်းပညာရပ်များကို စိတ်ပါဝင်စားတဲ့ အနာဂတ်မျိုးဆက်သစ် အင်အားများရရှိကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း တပ်မတော်(ရေ)ရေကြောင်းလူငယ်သင်တန်း၊ တပ်မတော်(လေ)လေကြောင်း လူငယ်သင်တန်းများကို ရက်သတ္တပတ်(၅)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမှာဖြစ်ပါကြောင်း၊ ဘာသာရပ်များကို စာတွေ့/လက်တွေ့တတ်မြောက်အောင် လေ့လာသင်ယူနိုင်ဖို့အတွက် သင်ကြားပြသပေးသွား မှာဖြစ်ကာ နောင်တစ်ချိန်မှာ တိုင်းပြည်ရဲ့တာဝန်များကို ကျရာအခန်းကဏ္ဍကနေ ပါဝင်တာဝန်ယူ ကြရမှာဖြစ်ပါကြောင်း၊ မောင်တို့/မယ်တို့ဟာ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားခြင်း၊ ထိုးထွင်းဉာဏ်ထက်မြက်ခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်း၊ စည်းကမ်း ကောင်းမွန်ခြင်းဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံအောင် ကြိုးစားနေထိုင် သွားကြရန် ယခုလို သင်တန်းတွေကို တက်ရောက်ခြင်း အားဖြင့် မောင်တို့/ မယ်တို့ဟာ ကျောင်းပိတ်ရက် အတွင်း အချိန်ကို တန်ဖိုးရှိစွာအသုံးချနိုင်ခြင်းဖြစ်ပြီး နိုင်ငံတော်အတွက် အားထားရမယ့် မျိုးဆက်သစ် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်များ ဖြစ်အောင် ဆောင်ရွက်နေထိုင်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်က သင်တန်းဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများအား စားသောက်စရိတ်နှင့် သင်တန်းဆောင် ပြင်ဆင်စရိတ် အတွက် ငွေကျပ်(၂၅၁၃၄၉၅၃)သိန်းကို လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျောင်လင်းမောင်က ချီးမြှင့်ငွေကျပ်သိန်း(၂၀)ကို လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးက ငွေကျပ်(၁၅၄၉၄၀၀) တန်ဖိုးရှိ တစ်ကိုယ်ရေသုံးပစ္စည်းများအား လည်းကောင်း ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်လာကြသည့် သင်တန်းသား/သူများနှင့် ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ၊ သင်ကြားပေးသွားမည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု လေ့လာပြီး သင်တန်းသား/ သူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။



