မော်လမြိုင်၊ အောက်တိုဘာ ၁၁
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်နေစဉ်ကာလအတွင်း သံဃာတော်များ၊ သာသနာအနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဝေယျာဝစ္စများ ပြည့်စုံစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများသည်၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သမိုင်းဝင် ခေါင်းဆေးကျွန်းစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ဆွမ်းဆန်တော်၊ ဆီနှင့် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို စေတီတော်မြတ်ကြီး၏ ဓမ္မာရုံ၌ ကျင်းပပြုရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီးခေါင်းဆေးကျွန်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ မေတ္တာသုတ်ပရိတ်တော် နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောင် သံဃာတော်များနှင့် သာသနာအနွယ်ဝင် သီလရှင်များအတွက် ဆန်( ၂၄)ပြည်အိတ် (၂၀) အိတ်၊ ဆီ (၂၀) ပိသာနှင့် အလှူငွေကျပ် (၁၀) သိန်း အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်လှူဒါန်း၍ လှူဒါန်းမှု အစုစု အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။





