မော်လမြိုင်၊ ဇူလိုင် ၉
မွန်ပြည်နယ်တွင် ကမ်းရိုးတန်းဒေသများရှိ ဂေဟစနစ်များ၊ သယံဇာတများ ရေရှည်တည်တံ့စေရေး အတွက် ထိန်းသိမ်းကာကွယ်နိုင်ကြဖို့ အသိပညာပေး ရည်ရွယ်၍၂၀၂၄ ခုနှစ်၊ မိုးရာသီ လေပြင်းဒဏ်ခံ “အုန်းပင်စိုက်ပျိုးပွဲ” အခမ်းအနားကို ဇူလိုင်လ ၉ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မန္တလေးရပ်၊ ပြည်နယ်တရားလွှတ်တော်ရှေ့၊ သံလွင်မြစ်ကမ်းဘေး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူ၊ သင်တန်းသားများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်ပြီး ကမ်းရိုးတန်း တစ်လျှောက်လုံးရဲ့ ဂေဟစနစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး၊ ကမ်းရိုးတန်း သယံဇာတများကို စနစ်တကျစီမံအုပ်ချုပ်နိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းရိုးတန်းဒေသနေပြည်သူများ၏ စားဝတ်နေရေးအတွက် ကမ်းရိုးတန်း ဂေဟစနစ်တွေအပေါ် မှီခိုနေကြရပြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတများဆိုင်ရာ ဆက်စပ်လုပ်ငန်းများမှ နိုင်ငံတော်အတွက် လိုအပ်တဲ့ နိုင်ငံခြားဝင်ငွေများကိုလည်း ရရှိစေမှာ ဖြစ်ကြောင်း၊ အုန်းပင်များသည် ကမ်းရိုးတန်းများနှင့် မြစ်ချောင်း ကမ်းပါးများတွင် ပိုမိုဖြစ်ထွန်းပြီး လေပြင်းဒါဏ်ခံနိုင်ကာ လေကာပင်အဖြစ် အသုံးဝင်သည့်အတွက် ပိုမိုတိုးမြှင့် စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကမ်းရိုးတန်းဒေသရှိ ဒီရေတောတွေထိန်းသိမ်းဖို့ အရေး ကြီးလှသလို သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ဖြစ်ပွားခြင်းမှ လျော့ပါး သက်သာစေဖို့ လေပြင်းဒဏ်ခံနိုင်သည့် အုန်းပင်များနှင့် အရိပ်ရလေကာပင်များ တိုးမြှင့်စိုက်ပျိုးသွားကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်းတို့မှ သင်တန်းသူ၊ သင်တန်းသားများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ မိုးရာသီ လေပြင်းဒဏ်ခံ အုန်းပင် ၂၅၀ ပင်အား တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ် ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ မိုးရာသီ လေပြင်းဒဏ်ခံ “အုန်းပင်စိုက်ပျိုးပွဲ” တွင် တစ်ပျော်တစ်ပါး အုန်းပင်များ စိုက်ပျိုးခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ်တွင် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ၊ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်အတွင်း စာအုပ် စာစောင်များ စနစ်တကျထားရှိမှု၊ စာပေ လေ့လာ ဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုခဲ့ပြီး စာကြည့်တိုက် ကော်မတီ တာဝန်ရှိသူမှ စာကြည့် တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် စာဖတ်သည့်အလေ့အကျင့်များရရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်အတွင်း လေဝင်၊ လေထွက်ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်ပေးကြစေ လိုကြောင်းနှင့် စာဖတ်စားပွဲနှင့် ပရိဘောဂ ပစ္စည်းများ ပြည့်စုံလုံလောက်မှု ရှိစေရေး အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာကြည့်တိုက်အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လှူဒါန်းငွေကျပ် ၁၀ သိန်း နှင့်စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ၊ သုတရောင်ခြည် စာကြည့်တိုက်နှင့် ထန်းပင်တန်းရပ်ကွက်၊ စေတနာ့မီးအိမ် စာကြည့်တိုက်တို့တွင် စာကြည့် တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး စာကြည့်တိုက်များအတွင်း စာအုပ်၊ စာပေများ၊ စာစောင်များ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိအပေါ် လှည့်လည်ကြည့်ရှုခဲ့ပြီး စာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက၊ မော်လမြိုင်မြို့၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၊ သုတရတနာ စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စာပေစကားဝိုင်း ဆွေးနွေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူ၊ ကျောင်းသားလေးများ အားလပ်ချိန်များတွင် စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကာ စာကြည့်တိုက်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။
မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ၏ (၁/ ၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ကလေး၊ သူငယ်များ၏ လိုအပ်ချက်များကို အလေးထားလျက် ကလေး၊ သူငယ်များတိုက်ရိုက် အကျိုးဖြစ်ထွန်းစေသောလုပ်ငန်းများကို တစ်စိုက်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေး၊ အခွင့်အရေးများရရှိစေရေး၊ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ရရှိမှု မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေမှုဆိုသည့် စိန်ခေါ်မှုများတွင် ကလေးအလုပ်သမားအရေးကိစ္စသည် တစ်ခုအပါအဝင် ဖြစ်တာကြောင့် ပြည်နယ်အတွင်းရှိ စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးကဏ္ဍတို့တွင် ကလေးအလုပ်သမားများ လျော့နည်း ပပျောက်ရေး အလေးထား ကြပ်မတ် ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်ပြီး မွန်ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ ပြည်နယ်အတွင်း ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ကော်မတီအတွင်းရေးမှူးနှင့် ဆပ်ကော်မတီအတွင်းရေးမှူးများမှ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေး ကိစ္စရပ်များနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ(၈)ရပ်တို့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း တင်ပြခဲ့ကြသည်။
အဲဒီနောက် မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ကော်မတီဝင် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။