Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်တွင်၊ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများအား မော်လမြိုင် လေဆိပ်တွင် Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့မှုပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအခမ်းအနားနှင့် မွန်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အမှတ်စဉ်(၂/၂ဝ၂၄) အစည်းအဝေး တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်တွင်၊ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများအား မော်လမြိုင် လေဆိပ်တွင် Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့မှုပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအခမ်းအနားနှင့် မွန်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အမှတ်စဉ်(၂/၂ဝ၂၄) အစည်းအဝေး တက်ရောက်

by Mon Editor

မော်လမြိုင် သြဂုတ် ၂၇

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက် ကျောက်) ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ဩဂုတ်၁၄ ရက်တွင် သတ်မှတ်ကြေညာခဲ့သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း ပြည်ပနိုင်ငံဖြတ်ကျော် ဝင်ထွက်ပါက်များ အပါအဝင် လူထုအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း တိုးမြှင့် ဆောင်ရွက်ခြင်း၊ သီးခြားထားရှိ ကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိခြင်း၊ ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၇ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မော်လမြိုင်လေဆိပ်တွင် ပြည်သူ့ကျန်းမားရေး ဦးစီးဌာန ဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ဝင်များက Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် ပက်သက်၍ ကိုယ်အပူချိန်တိုင်းတာခြင်း (Mass Thermal Screening)၊ ပြည်တွင်း၊ ပြည်ပ ဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေးကြေညာချက် (Health Declaration Form) အား ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးခြင်း၊ ခရီးသည်များအား Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်း အစရှိသောရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေ သတ်မှတ်ချက်အရ Mpox (မျောက်ကျောက်) ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် ပြည်သူလူထုအနေဖြင့် ရောဂါကူးစက် ဖြစ်ပွားမှုမှကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာပေးခြင်း၊ နိုင်ငံအတွင်းသို့ ရောဂါကူးစက်ဝင်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို သြဂုတ် ၂၇ရက်နေ့ နံနက်ပိုင်း က  မော်လမြိုင်မြို့ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၁)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသောအငြိမ်းစားဝန်ထမ်းများအား လစဉ်ထောက်ပံ့ကြေး ၃၀,၀၀၀/-(ကျပ်သုံးသောင်း တိတိ)ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁) ရက်နေ့မှစ၍ ခံစားခွင့်ပြုသဖြင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအပေါ် နိုင်ငံတော်မှထားရှိသောစေတနာကို အသိအမှတ်ပြု အလေးထား ရမှာဖြစ်ကြောင်း၊

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်မော်လမြိုင်မြို့နယ်ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၃၀၀)ဦးအား ကိုယ်ချင်းစာ စိတ်ထားဖြင့် တစ်ဦးလျှင် ဆန်(၁)ပြည်၊ ကြက်ဥ(၁၀)လုံးတို့အား ထောက်ပံ့ ပေးအပ်သွားမှာဖြစ်တဲ့အပြင် အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးကို ရည်ရွယ်လျက် လစဉ်ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်းများကို ကျန်းမာရေးဦးစီးဌာန အပါအဝင်သက်ဆိုင်ရာဌာန များမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်အခြေခံစားသောက်ကုန်များ ထောက်ပံ့မှုအခမ်းအနားဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ အခမ်းအနားသို့ တက်ရောက် လာကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအားကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အငြိမ်းစားနိုင်ငံဝန်ထမ်းများအား မြန်မာ့ စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၁)၌  ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေး ကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးကာ ကျန်းမာရေးစောင့်ရှောက်မှု လာရောက် ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 မွန်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေများ သိမ်းဆည်း ခြင်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေသိမ်းမှု ပြဿနာကို လျှင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဖွဲ့စည်းခဲ့ပြီး  ပြည်နယ်/ခရိုင်/မြို့နယ်/ရပ်ကွက်၊ ကျေးရွာ အုပ်စုအဆင့်ဆင့်ကိုလည်း ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ သိမ်းဆည်းမြေနှင့်စပ်လျဉ်း၍ စိစစ်ရန်အချက်များ၊ လုပ်ငန်းစဉ်များ၊ မူဝါဒ များကိုလည်း ချမှတ်ထားရှိပြီးဖြစ်၍  ထုတ်ပြန်ထားရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်အညီ စိစစ်ဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် ဗဟိုသို့ တင်ပြရမည့် အမှုတွဲ (၂၀)ရှိသည့် အနက် (၁၀)မှုမှာ ပိတ်သိမ်းခွင့် ရရှိရေး ဗဟိုသို့ ဆက်လက်တင်ပြနိုင်ရေး ဆောင်ရွက်သွား မည် ဖြစ်တဲ့အတွက် ဝိုင်းဝန်းဆွေးနွေးအကြံပေးဖို့ လိုအပ်ကြောင်း၊ မွန်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အပါအဝင် ခရိုင်/ မြို့နယ်ကော်မတီများအနေဖြင့် ချမှတ်ထားသည့် မူဝါဒလမ်းညွှန်ချက်၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ စိစစ်ပြီး တင်ပြပေးကြရန်နှင့် ပိတ်သိမ်းမည့် အမှုတွဲများအား ကော်မတီ အဖွဲ့ဝင်များ အနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီ အတွင်းရေးမှူး ဦးတိုးဝင်းက ကော်မတီဝင်များ၏ လုပ်ငန်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် ပက်သက်၍ power pointဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ် မြေစာရင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ မွန်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ တင်ပြလာသည့် လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ကော်မတီဝင်များမှ ပြည်နယ်အတွင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။

You may also like