မော်လမြိုင်၊ စက်တင်ဘာ ၂၈
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံစာသင်ကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် ဝန်ကြီးများသည် စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းဝင်း အတွင်း၊ အပြင် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းအတွင်း ပတ်ဝန်းကျင်သာယာလှပရေးနှင့် ကျောင်းကျန်းမာရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ အခြေခံပညာစာသင်ကျောင်းများ သန့်ရှင်းသပ်ရပ်ပြီး ဥပတိရုပ် ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး အလေးထား ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ စိုက်ပျိုးမြေဧရိယာများအတွင်း မိုးစပါးများ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆန်စပါး ဖူလုံမှုရှိစေရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စပါးအထွက်နှုန်း တိုးတက်မြင့်မားစေရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ် တရားမအမှုလိုက် လက်တွေ့ဘာသာရပ်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဥပဒေရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများအား တရားမမှုခင်း ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ယခုလို ဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ တရားလို သို့မဟုတ် တရားပြိုင်အဖြစ် ဆောင်ရွက်သည့် အမှုများတွင် နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ရသည့် ဥပဒေအရာရှိများသည် နိုင်ငံတော်၏ အကျိုးစီးပွားကို ထိခိုက်ဆုံးရှုံး နစ်နာမှု မရှိစေရေး ထိရောက်မှန်ကန်စွာ ဆောင်ရွက်ကြပေးရန် တာဝန်ရှိပါကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် ရာဇဝတ်မှုများနှင့်ဆိုင်သော ဥပဒေများနှင့် တရားမမှုနှင့်ဆိုင်သော ဥပဒေများကိုလည်း နှံ့စပ်ကျေညက်စွာလေ့လာထားရှိ ဆောင်ရွက်မှသာလျှင် နိုင်ငံတော်မှ အားထားရသည့် ဝန်ထမ်းကောင်းများ ဖြစ်လာကြမည် ဖြစ်ပြီး နိုင်ငံ့အကျိုးသယ်ပိုး ဆောင်ရွက်နိုင်သည့် ဥပဒေအရာရှိကောင်းများ ဖြစ်ကြစေရေး အားကြိုးမာန်တက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဥပဒေချုပ်၊ ဦးမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် တရားမအမှုလိုက် လက်တွေ့ဘာသာရပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က တရားမအမှုလိုက် လက်တွေ့ဘာသာရပ်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၄)တွင် တက်ရောက်ကြမည့် ဥပဒေအရာရှိများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး သင်တန်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ သင်တန်းကို မွန်ပြည်နယ် ဉပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဉပဒေချုပ်ကတရားမအကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြားပြီး ပြည်နယ် ဉပဒေအရာရှိ ဒေါ်မိုးနှင်းလွင် နှင့် ပြည်နယ် ခရိုင် ဉပဒေအရာရှိများက တရားမမှုအလိုက် လက်တွေ့ဘာသာရပ်များ အကြောင်းကို ရှင်းလင်းပို့ချကြသည်။
အဆိုပါ သင်တန်းသို့ မွန်ပြည်နယ်အတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေအရာရှိ အဆင့် ၂၊ အဆင့် ၃ ၊ အဆင့် ၄ ၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ဥပဒပဒေအရာရှိ (၅၀)ဦးဖြင့် တရားမအမှုလိုက်ပညာရပ်၊ စာတွေ့၊ လက်တွေ့ ဘာသာရပ်များကို စက်တင်ဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။