မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်ထားသည့် သမိုင်းဝင် လေးကျွန်းသစ္စာနဂါးမောက် စေတီတော်မြတ်၏ ကုန်းတော်အနီးတွင် ရတနာဆင် (၂) စီး ထားရှိနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေနေရာနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့် အညီ ဆောင်ရွက်ကြရန်၊ ရတနာဆင်ထားရှိမည့် အဆောက်အဦအပါအဝင် အခြားလိုအပ် သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်နိုင်စေရေးအတွက် ယနေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်တွင် အဆင့်မြင့်ရေကူးကန် အလျား (၅၀) မီတာ၊ အနံ (၂၅) မီတာ၊ အနက် (၁.၄) မီတာမှ (၂) မီတာ ရေကူးကန် တည်ဆောက်မည့် မြေနေရာအား လည်းကောင်း၊ ဒိုင်ဗင် ရေကူးအားကစားနည်း ဆောင်ရွက်နိုင်ရန် အလျား (၂၅) မီတာ၊ အနံ (၂၅) မီတာ၊ အနက် (၅) မီတာ ဒိုင်ဗင်ကန် တည်ဆောက်မည့်မြေနေရာတို့အားလည်းကောင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဲဒီနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်ဇော်မှ အဆင့်မြင့်ရေကူးကန်၊ ဒိုင်ဗင်ကန်၊ ပွဲကြည့်စင်နှင့် အခြားဆက်စပ်အဆောက်အဦများ ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရေကူးအားကစားနည်းသည် လူအများစိတ်ဝင်စားပြီး လူကြီး၊ လူငယ်များမကျန် လေ့လာလိုက်စားမှုရှိသည့် အားကစားနည်းဖြစ်ကြောင်း၊ အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပခြင်း ၊ အားကစားသင်တန်းများဖွင့်လှစ်ပေးခြင်း ၊ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းနှင့် အားကစားနှင့်ပတ်သက်သည့် အဆောက်အဦများ တည်ဆောက်ပေးခြင်းတို့ဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်းရှိ လူငယ် လူရွယ်များ ၊ ကျန်းမာရေးနှင့် အားကစားလိုက်စားလာမှုများ ရှိစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်ဓာတ်ရေးရာ မြင့်မားစေရေးတို့အတွက် ဘက်စုံထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးခြင်း၊ အားကစားနည်းများအလိုက် လိုအပ်သည်များကို ကူညီ ပံ့ပိုးဖြည့်ဆည်း ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။