မော်လမြိုင်၊ အောက်တိုဘာ ၂၉
မွန်ပြည်နယ်အတွင်း မြို့ပြသွင်ပြင်လက္ခဏာပေါ်လွင်စေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ သံလွင်မြစ်ကမ်းဘေးတစ်လျောက်နှင့် မွန်ပြည်နယ်တရားလွှတ်တော်ရုံး ပတ်ဝန်းကျင်၌ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများမှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်နယ်ခွင့်ပြု ဘဏ္ဍာငွေ ကျပ် (၁၂၈.၁) သန်းဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်သည့် ခေါင်းဆေးကျွန်းဆိပ်ခံ ကွန်ကရစ်တံတား တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်ချက် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းစေရေးနှင့် အရေအသွေးပြည့်မီစွာ တည်ဆောက်ဆောင်ရွက်ကြစေရေး လမ်းညွှန်မှာကြားသည်။
မွန်ပြည်နယ်အတွင်း အားကစားနှင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်းနှင့် အားကစားဥယျာဉ်တည်ဆောက်ခြင်းများကို ဆောင်ရွင်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သည့် မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းခြင်း၊ ကွင်းအတွင်းရေစိမ့်မြောင်းများတူးဖော်ခြင်းနှင့် မြက်ခင်းပြင် ဆောင်ရွက်ခြင်း၊ အထူးတန်းပွဲကြည့်စင်၊ အရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက် ပွဲကြည့်စင်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်ဇော်မှ ရာမညအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဘဏ္ဍာရေးနှစ်အလိုက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြးချုပ်က သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစေရေး၊ စံချိန်စံညွန်းမီ တည်ဆောက်ရေး၊ မိုးတွင်းကာလတွင် ရေတင်ကျန်မှုမရှိစေရေးနှင့် အားကစားကွင်း ပုရဝုဏ် သန့်ရှင်းသပ်ရပ်မှုရှိစေရေး လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဲဒီနောက် ပြည်နယ် ကျောင်းသားအားကစားကွင်း၌ မွန်ပြည်နယ်ကိုယ်စား သွားရောက်ယှဉ်ပြိုင်ကြမည့် အသက် (၁၈) နှစ်အောက် အမျိုးသမီး ဘောလုံးအသင်း ပဏာမ လူရွေးချယ်ထားခြင်းနှင့် လေ့ကျင့်ရေး ဆောင်ရွက်နေခြင်း အခြေအနေတို့အား ကြည့်ရှုအားပေးကာ အားကစားသမားများအား ထောက်ပံ့ငွေများပေးအပ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။






