မော်လမြိုင်၊ စက်တင်ဘာ ၂၇
မွန်ပြည်နယ်အနေဖြင့် အနုသုခုမ ယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်မပျက်စေရေန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရွက်ပုန်းသီး ဝါသနာရှင်၊ ပညာရှင်များကို ရှာဖွေရွေးချယ် မွေးထုတ်ပေးပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များ လက်ဆင့်ကမ်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟို) အဆင့်သို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနီးတွေ့ဆုံ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်များမှ လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များ အနေဖြင့် ထူးချွန်ထက်မြက်သည့် ဝါသနာရှင်၊ ပညာရှင်များ ပေါ်ထွက်လာစေရေးနှင့် ပြည်နယ်ဂုဏ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းယှဉ်ပြိုင်ပေးကြစေလိုကြောင်း၊ ပြိုင်ပွဲကို အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဝင်ရောက်ယှဉ်ပြိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း လမ်းညွှန်မှာကြားကာ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မော်လမြိုင်မြို့၊ ကျောင်းသား အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ပြည်နယ်၀န်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား သို့ တက်ရောက်၍ ဗိုလ်လုပွဲစဉ်အဖြစ် ကျိုက်မရောမြို့နယ် အမျိုးသမီးဘောလုံးအသင်းနှင့် ဘီးလင်းမြို့နယ်အမျိုးသမီး ဘောလုံးအသင်းတို့ ယဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
အဲဒီနောက် ပွဲစဉ်အလိုက် အကောင်းဆုံးအားကစားသမားဆု၊ နေရာအလိုက်အကောင်းဆုံး အားကစားသမားဆု၊ အတိုးတက်ဆုံး အားကစားဆုနှင့် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိကြသည့် ပြိုင်ပွဲဝင် အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့မှ ဆုတံဆိပ်နှင့် ငွေသားဆုများ၊ တံခွန်စိုက် ဒိုင်းဆု ချီးမြှင့်ခဲ့သည်။
















