မော်လမြိုင်၊ ဇွန် ၃
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်း နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့ေတာင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ပြည်နယ်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ရဲ့ ဌာနဆိုင်ရာအသီးသီးမှာ လုပ်ငန်းတာဝန်များကို နေ့စဉ်ထမ်းဆောင် နေရသည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများ ကျန်းမာကြံ့ခိုင်မှုရှိစေရန် စိတ်ပျော်ရွှင်မှုရရှိစေရန် ၊ မိတ်ဆွေသင်္ဂဟများ တိုးပွားလာစေရန် ရည်ရွယ်ပြီး ယခုချစ်ကြည်ရေးဘောလုံးပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ထမ်းများသည် အားကစားလှုပ်ရှားမှုတစ်ခုခုတွင် စိတ်ပါဝင်စားလာစေရန် တွန်းအားပေးခြင်း ဖြစ်ကြောင်း အားကစားလှုပ်ရှားမှုကြောင့် ကိုယ်စိတ်အပန်းဖြေပြီး ပျော်ရွှင်မှုကို ရရှိစေခြင်း ၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်း ၊ ဆုံးဖြတ်ချက်များ မှန်ကန်ခြင်း ၊ နိုးကြားတက်ကြွမှု ရှိခြင်းစသည့် အကျိုးကျေးဇူးများ ဧကန်မလွဲ ခံစားရမှာဖြစ်ကြောင်း ချစ်ကြည်ရေးခြေစမ်းပွဲမှာ ပါဝင်ကစားမည့်သူများသည် ငယ်မူငယ်သွေး ယခုလိုအသက်အရွယ်မှာ ဘောလုံးပြန်ကစားရင်း ၊ ငယ်ဘဝတွေမှာ ကစားခဲ့ရတဲ့အချိန်တွေကို ပြန်သတိရ တမ်းတပြီး မိမိတို့ရဲ့ အကောင်းဆုံး ခြေစွမ်းနဲ့ စွမ်းရည်တွေ ထုတ်ဖော်ပြသကာ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ကစားကြစေလိုကြောင်းပြောကြားသည်။ ထိုနောက် ပြိုင်ပွဲဝင်အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြပြီး အားကစားနှင့် ကာယ ပညာသိပ္ပံ ကျောင်းမှ ကျောင်းသူလေးများက ဂုဏ်ပြုပန်းစည်း ပေးအပ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဉီးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဉီးဆောင်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် တိုင်းမှူး ဉီးဆောင်သော အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းက ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဘောလုံးအသင်းကို (၅)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။
မွန်ပြည်နယ်တွင် သစ်တော သစ်ပင် ပြုန်းတီးမှုများကို ပြန်လည် အစားထိုးနိုင်ရေး၊ သစ်တော စိုက်ခင်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂ဝ၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၆) ကျောင်းဝင်းအတွင်း၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က “သက်ရှိလောက တည်မြဲဖို့၊ သစ်ပင်စိုက်ပျိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ် အတိုင်း လူသားတွေအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နိုင်ရေးအတွက် သစ်ပင်တွေ စိုက်ပျိုးဖို့၊ သစ်တောတွေကို ထိန်းသိမ်းဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သစ်တောများ ကောင်းမွန်ပါမှ ဂေဟစနစ်များနဲ့ ပတ်ဝန်းကျင် တည်ငြိမ်ပြီး သက်ရှိအားလုံး၏ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ၊ လူမှုစီးပွား ဖွံ့ဖြိုးရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ ယခုကျင်းပသော သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုး (၇)မျိုး၊ အပင်အရေ အတွက် (၁,၀၀၀)ပင် စိုက်ပျိုးသွားမှာ ဖြစ်ပြီး၊ ဒေသမျိုးရင်း အဖိုးတန် သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်တဲ့အပင်များ ကြီးမြန်သစ်မျိုးများ၊ အမြဲ စိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စသည့် အပင်အမျိုးမျိုးကို အစီအစဉ်တကျ စိုက်ပျိုးသွားမှာ ဖြစ်ပြီး၊ သစ်တောသစ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ ထင်း/မီးသွေး သုံးစွဲမှုလျော့ချရေး၊ သစ်တောပြုန်းတီးမှုဖြစ်ပေါ် စေသည့်ကိစ္စများ ရှောင်ရှားရေး၊ ဒီရေတောများ တိုးချဲ့စိုက်ပျိုးရေးနဲ့ သဘာဝ ဒီရေတောများ ကာကွယ်ရေး စတဲ့ လုပ်ငန်းစဉ်တွေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ နိုင်ငံတော်နဲ့အတူ တိုင်းရင်းသား ပြည်သူများ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။ ဆက်လက်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ သစ်မာအမျိုးအစားများဖြစ်သော ကျွန်း၊ သင်္ကန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဥ်းမ၊ ယမနေ စသည့် သစ်ပင်အမျိုးအစားများ စိုက်ပျိုးခဲ့ပြီး တက်ရောက်လာသူများမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကိုပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ် အနေဖြင့် သစ်တောဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီတွင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လူထုဖြန့်ပျိုးပင် လျာထားချက် အပင်ရေ(၃) သိန်းကို စိုက်ပျိုးသွားမည်ဖြစ်ပြီး နှစ်စဉ် နှစ်တိုင်း ကျရောက်သည့် ယခုလို မိုးရာသီကာလတွင် သစ်ပင် အမျိုးမျိုးတို့ကို ဒေသစိမ်းလန်း စိုပြည်ရေး၊ သစ်တောသစ်ပင် ပြုန်းတီးမှုများကို ပြန်လည် အစားထိုးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုနှင့် ဂေဟစနစ် ပြောင်းလဲမှုများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ကောင်းများဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။




