မော်လမြိုင် ဇွန် ၅
မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်း ပူးပေါင်း ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၁၉၇၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ကုလသမဂ္ဂမှ ကြီးမှူးပြီး ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံကြီး (United Nation Conference on Human, Environment)ကို ကျင်းပကာ ယင်းညီလာခံစတင်ကျင်းပသည့် ဇွန်လ (၅) ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ခေတ်မီတိုးတက်လာသည့် ယနေ့ကာလတွင် ပလတ်စတစ် ထုတ်ကုန်တွေ အသုံးများလာတဲ့အမျှ ပလတ်စတစ်ညစ်ညမ်းမှုဟာ စီးပွားရေး၊ သက်ရှိတို့၏ ဂေဟစနစ်တွေအပေါ် ခြိမ်းခြောက်မှု ကြီးတစ်ခုဖြစ်လာကြောင်း မြန်မာနိုင်ငံ၏ ပလတ်စတစ်ထုတ်လုပ်မှု ဟာ ၂၀၁၇ ခုနှစ်မှာ မက်ထရစ်တန်ချိန်ပေါင်း ၂၅၀,၀၀၀ ထိရှိကြောင်း၊ ၂၀၁၉ ခုနှစ်မှာတော့ ၂၈၇,၅၀၀ မှ ၃၀၀,၀၀၀ ကြား ရှိနေ၍ ဒေသတွင်း ပလတ်စတစ်ထုတ်လုပ်သော စက်ရုံပေါင်း ၄၀၀၀ ခန့်ရှိကြောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ပလတ်စတစ်ကန့်သတ်ခြင်းဆိုင်ရာ နည်းလမ်း များဖြစ်သော သတ်မှတ်ပလတ်စတစ် အမျိုးအစားများအပေါ် ပိတ်ပင် တားမြစ်ခြင်း၊ ပလတ်စတစ်အသုံးပြုမှုအတွက် စားသုံးသူအပေါ် အခကြေးငွေကောက်ခံခြင်း၊ ထုတ်လုပ်သူနှင့် တင်သွင်းသူများအပေါ် အခကြေးငွေစည်းကြပ်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို သဘာဝနှင့် ကိုက်ညီသော အလေ့အကျင့်များကို ကျင့်သုံးပါက အခွန်ကင်းလွတ်ခွင့် ပေးတဲ့မူဝါဒများ ချမှတ်ကျင့်သုံးခြင်းများအား မြန်မာနိုင်ငံတွင် ကျင့်သုံးမည်ဆိုပါက အပြန်အလှန်အားဖြင့် ပလတ်စတစ်အသုံးပြုမှု နည်းပါးလာနိုင်ကြောင်း အမှိုက်ထွက်ရှိမှု လျှော့ချရာရောက်သည့်အပြင် ရရှိလာသည့် ရန်ပုံငွေများသည် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းအတွက် ကုန်ကျစရိတ်များ ကာမိမည်ဖြစ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုများလည်း လျော့ပါးသက်သာလာမှာ ဖြစ်ကြောင်း၊ ပလတ်စတစ်ကြောင့် ဖြစ်ပွားနိုင်သောဆိုးကျိုးများကို စက်ရုံ၊ အလုပ်ရုံ များရှိ ဝန်ထမ်းတွေ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ် များရှိ ကျောင်းသား/သူတွေကို အသိပညာပေးဟောပြောပွဲများ သွားရောက်ပြုလုပ်ခြင်း၊ ဈေးများ၊ လူနေရပ်ကွက်များရှိ ပြည်သူလူထု တွေကို အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ အမှိုက် စနစ်တကျစွန့်ပစ်ရေး စုပေါင်းအမှိုက်ကောက်ပွဲများကဲ့သို့ လူထုလှုပ်ရှားမှု ဖြင့် အသိပညာပေးခြင်း၊ ပလတ်စတစ်နှင့်ပတ်သက်တဲ့ သိကောင်းစရာ Video များ၊ Talk Show များဖြင့် Social Media မှတဆင့် များကို ပြည်သူများထံ ပျံ့နှံ့သိရှိစေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း တတ်နိုင်သမျှ ပလတ်စတစ် သုံးစွဲမှုကို လျှော့ချပေးရန်နှင့် ပလတ်စတစ်အစားထိုးဖြစ်သည့် ချည်ဖြင့် ပြုလုပ်သော ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များအားတက်နိုင်သမျှ အသုံးပြုပေးခြင်း၊ မိမိတို့နေအိမ်မှထွက်ရှိသော အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ခြင်း တို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် သက်ဆိုင်ရာဌာနများအနေဖြင့် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို အန္တရာယ်ပေးနေသည့် ပလတ်စတစ် ညစ်ညမ်းမှုပြဿနာများအား ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြရန် ပလတ်စတစ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပြည်သူလူထုအား စဉ်ဆက်မပြတ် အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် သယံဇာတ ရေးရာဝန်ကြီး၊ ဒေါက်တာအောင်မြတ်ကျော်စိန်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပြီး မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရရှိသည့် ကျောင်းများနှင့် မွန်ပြည်နယ်အတွင်းပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့ များအား ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆုချီးမြှင့်သည်။ ဆက်လက်၍ ၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယို(clip)ပြသပြီး ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင် အမှတ်တရ ဓာတ်ပုံရိုက်ကူးကာ ခန်းမအတွင်း ခင်းကျင်းပြသထားသောပြခန်းများအား၊ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၅ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ Top ဖူဆယ် အားကစားကွင်း၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ် ဘောလုံးဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်၏ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေးစသည့် ကဏ္ဍတွေမှာသာမက လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓါတ် ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး ကာယ ၊ ဉာဏ ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန် မွန်ပြည်နယ်အတွင်း အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း၊ မြို့နယ်/ခရိုင် အဆင့်မှ ပြည်နယ်ဂုဏ်ဆောင်နိုင်သော အားကစားသမားများ ရွေးချယ်နိုင်ရန် ၊ဖူဆယ်အားကစားနည်းကို လူအများစိတ်ပါဝင်စားလာစေရန် ၊ မြို့နယ်များမှ ဖူဆယ်အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိလာစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်ကိုယ်စားပြု ဖူဆယ်အသင်း အောင်မြင်မှုရရှိစေရန် တို့ကို ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ကောင်းမွန်သော အားကစား စိတ်ဓာတ်နှင့် တရားမျှတစွာ ယှဉ်ပြိုင်ခြင်း ၊ သန့်ရှင်းစွာ ကစားခြင်းတို့ဖြင့်လည်း အားကစားရဲ့အနှစ်သာရကို ပေါ်လွင်စေမှာ ဖြစ်ကြောင်း မွန်ပြည်နယ် ဖူဆယ်အားကစားအဆင့်အတန်းတိုးတက် မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများစဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး အထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ချမှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်း/စည်ကမ်းများကို လိုက်နာ၍ ပြည်နယ်ဂုဏ်ဆောင် ၊ နိုင်ငံ့ ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် ကျိုက်ထိုဖူဆယ် ဘောလုံးအသင်းနှင့် ကျိုက်မရောဖူဆယ်ဘောလုံး အသင်းတို့ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲကို ဇွန်လ ၅ရက်နေ့မှ ၉ရက်နေ့အထိ ၅ရက်ကြာကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။





