မော်လမြိုင် ဧပြီ ၁၉
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဧပြီလ ၁၉ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာရှိ ကျိုက်တမော့လဲစေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီး လုံတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)၏ ထင်ရှားသည့် နှစ်သစ်ကူးသင်္ကြန်ကာလ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)ကျော်က စတင်ပြီး စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းတွင် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ နှစ်သစ်ကူး သင်္ကြန်ကာလ ဧည့်သည်ခေါ်ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း နှစ်သစ်ကူးသင်္ကြန်ကာလ ဧည့်သည်ခေါ်ဘုရားပွဲတော်များ ကိုယ့်ရပ်ကိုယ့်ရွာ ဘုရားပွဲတော်မှာ မိမိနေအိမ်သို့ လာရောက်သည့် ဧည့်သည်များကို မိမိနှင့် သိသည်ဖြစ်စေမသိသည်ဖြစ်စေ အကျွေးအမွေးများဖြင့်ရွာလုံးကျွတ်ဧည့်ခံကျေးမွေးကြကြောင်း၊ အိမ်တိုင်းအိမ်တိုင်းတွင် လည်း ဘုရားဖူးလာရောက် လည်ပတ်ကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံနိုင်ရန် ဖွယ်ဖွယ်ရာရာဖြင့် ပြင်ဆင်ထားရှိပြီး တည်းခင်းဧည့်ခံကျေးမွေးသူများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။


