Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် မိုခါမုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် မိုခါမုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

by Mon Editor

မော်လမြိုင်    ဇွန်    ၆

မွန်ပြည်နယ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောက ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည့် အားကစားစီမံခန့်ခွဲသူများ ပေါ်ထွက်လာစေရေး လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်) အုပ်ချုပ်မှုရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသည် ထိုနိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ယူကြရမည့် လူငယ်များ၏ ကျန်းမာ ကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှုနှင့် စိတ်ဓာတ်ရေးရာမြင့်မားမှုအခြေအနေများ အပေါ် မူတည်နေပါကြောင်း  လူငယ်များကို ဘက်စုံထောင့်စုံမှ အရည် အသွေးမြှင့်တင်ပေးရန်မှာ နိုင်ငံတော်မှ အလေးထားဆောင်ရွက်ရမည့် အရေးကြီးဆုံး လုပ်ငန်းကဏ္ဍတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနှင့် ရွှေတံဆိပ် (၂၁)ခု၊ ငွေတံဆိပ် (၂၅)ခု၊ ကြေးတံဆိပ် (၆၈)ခု၊ စုစုပေါင်း ဆုတံဆိပ် (၁၁၄)ခု ရရှိကာ နိုင်ငံအလိုက် အဆင့်(၈)ရရှိခဲ့ပြီး မွန်ပြည်နယ်မှ ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၄)ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြတဲ့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ( မော်လမြိုင် ) အနေဖြင့် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အားကစားနည်း (၆)နည်း သင်တန်းသား/သင်တန်းသူ (၁၁၃)ဦးဖြင့် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း၊ ထူးချွန် ထက်မြက်သော အားကစားသမားကောင်းတွေဖြစ်လာစေဖို့ နည်းပြဆရာများ၏လေ့ကျင့်သင်ကြားပေးမှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားလေ့ကျင့် သင်ယူကြရန်နှင့် ပညာရည်ထူးချွန်ထက်မြက်သူများ ဖြစ်လာဖို့ကိုလည်း အားကစားနှင့် ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများရဲ့ သင်ကြားပေးမှုကို အပတ်တကုတ်ကြိုးစား သင်ကြားပြီး မောင်တို့မယ်တို့အားလုံး ကျန်းမာ ကြံ့ခိုင်၍ ပညာရည်ထူးချွန်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်အောင် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ( မော်လမြိုင် ) ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလှူငွေနှင့်ထောက်ပံပစ္စည်းများပေးခဲ့မှုအပေါ် ကျောင်းအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော သင်တန်းသားသင်တန်းသူများနှင့် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး ကျောင်းဝင်းအတွင်းခင်ကျင်းပြသ ထားသော အားကစားပစ္စည်းများနှင့် ကျောင်းသုံးပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဇွန်လ ၆ ရက်နေ့  မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ဇေတဝန်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖနှင့် အလှူရှင်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ဇေတဝန်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အရှင်စန္ဒဇောတိ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် မိုခါမုန်တိုင်း လေဘေးသင့်ပြည်သူများအတွက် ငွေကျပ်တန်ဖိုးသိန်း (၆၀၀) ရှိ သွပ်အချပ် (၂၀၀၀) ကို ဇေတဝန်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အရှင်စန္ဒဇောတိ မှပေးအပ်လှူဒါန်းမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြသည်။

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဇေတဝန်ကျောင်းတိုက်၌ လေဘေးသင့်ဒေသ သို့သွားရောက်လှူဒါန်းမည့် သွပ်အချပ်ရေ ၂၀၀၀ အား မော်တော်ယာဉ်များပေါ်တင်ဆောင်ထားရှိမှုများကို လိုက်လံကြည်ရှုစစ်ဆေးကာ အမိုးအကာများဖြင့်သေချာစနစ်တစ်ကျအုပ်မိုး၍ အချိန်မှီပို့ဆောင်နိုင်ရေး တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

You may also like