Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ခြင်းဖြင့် ကုသိုလ်ယူ၊ သက်ကြီးပူဇော်ပွဲ အခမ်းအနားနှင့် မော်လမြိုင် မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက် (၄၁)ကျောင်းသို့ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ ဆက်ကပ် လှူဒါန်းပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ခြင်းဖြင့် ကုသိုလ်ယူ၊ သက်ကြီးပူဇော်ပွဲ အခမ်းအနားနှင့် မော်လမြိုင် မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက် (၄၁)ကျောင်းသို့ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ ဆက်ကပ် လှူဒါန်းပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားတက်ရောက်

by admin

မော်လမြိုင်၊ ဧပြီ ၁၇ 

မွန်ပြည်နယ်အတွင်း နှစ်ဟောင်းကုန်၍ နှစ်ကူးပြောင်းသည့် နှစ်သစ်ကိုကူးပြောင်းသော အချိန်အခါသာမယ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ သက်ကြီးပူဇော်ပွဲတို့ဖြင့် ကုသိုလ်ယူလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်  ဧပြီလ ၁၇ ရက်နေ့၊ နံနံက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတား၌ ကျင်းပပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲတွင် သထုံငါးလုပ်ငန်းစခန်းမှထုတ်သော နှစ်လက်မနှင့်အထက် အရွယ်အစားရှိ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂ဝဝဝ၀ဝ)ကောင်၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)ကောင်၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)ကောင်၊ စုစုပေါင်းငါးသားပေါက် ကောင်ရေ (၄၀ဝ၀ဝ၀)ကောင်အား ဇီဝိတဒါနအဖြစ် သံလွင်မြစ်အတွင်းသို့ စုပေါင်း၍ ကုသိုလ်ယူလွှတ်ပေးခဲ့ကြသည်။ 

ဆက်လက်၍ မြန်မာနှစ်ဆန်း တစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ပြီး ဦးစွာ ပြည်နယ် ဝန်ကြီးချုပ်က သက်ကြီးဘိုးဘွားပူဇော်ပွဲ များကို မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ကျင်းပခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ နှစ်ဟောင်းမှ စိတ်အညစ်အကြေး၊အကုသိုလ် အညစ်အကြေးများကို ချေးချွတ်ကင်းစင်စေပြီးနှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ကုသိုလ်ကောင်းမှုသစ်တို့ဖြင့် စတင်ပြီး  မိမိထက်အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးမားသူ ဘိုးဘွားများအားပူဇော်ခြင်း ကုသိုလ်ထူးဖြင့် မြန်မာနှစ်သစ်ကို အစပျိုးလိုခြင်းဖြစ်ကြောင်း၊  မွန်ပြည်နယ်အတွင်းရှိ ဘိုးဘွားများနှင့်တကွ တစ်နိုင်ငံလုံးမှာရှိသော ဘိုးဘွားမျာအားလုံး သက်ရှည်ကျန်းမာပြီး ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေလိုကြောင်း ဂါရဝပြုဆုမွန်ကောင်းစကား ပြောကြားခဲ့သည်။ 

ထို့နောက် ဘိုးဘွားများအား ဩဝါဒကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြကာ  ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ စေတနာရှင်အလှူရှင်များတို့က  ဘိုးဘွားတစ်ဦးချင်းစီအတွက် အလှူငွေနှင့် ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး အဘိုး(၁)ဦးနှင့် အဘွား(၁)ဦးတို့က ဆုတောင်းမေတ္တာ ပြန်လည်ပို့သခဲ့သည်။ 

ယင်းနောက် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်လာသောဘိုးဘွားများအား မော်လမြိုင်မြို့ ၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သမားတော်ကြီးများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးနေမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။ 

ယနေ့ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကန်တော့ခံဘိုးဘွား(၁၀၀)ဦးအတွက် တစ်ဦးလျှင်(၁)သိန်းနှုန်းဖြင့် ငွေကျပ် သိန်း(၁၀၀)၊ တေနာရှင်၊ အလှူရှင်များမှ ဘိုးဘွား (၁၀၀)ဦးအတွက် လှူဒါန်းငွေကျပ် သိန်း (၁၃၂၃၀၀၀၀)၊ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်း(၂၃၂၃၀၀၀၀)တို့ကို လှူဒါန်းခဲ့သည်။ 

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သော မော်လမြိုင်မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက် (၄၁)ကျောင်း သို့ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ ဆက်ကပ်လှူဒါန်းပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားသို တက်ရောက်ပြီး ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ သာသနာ့မာရ်အောင် ဝဲပျံစာသင်တိုက် ကြီး၏ ဦးစီးပဓါနနာယက (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသထံမှ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ 

ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော် မူသော မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင်ကျောင်းတိုက်ကြီး၏ ဦးစီး ပဓါနနာယက (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တကောသလ္လထံမှ အနုမောဒနာ တရားနာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အမျှပေးဝေခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်

You may also like