Home ဘာသာရေး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ဇမ္ဗူအေး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူဇော်ခြင်းအောင်ပွဲ နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ဇမ္ဗူအေး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူဇော်ခြင်းအောင်ပွဲ နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

by Mon Editor

မော်လမြိုင်  ဇွန်  ၂

မော်လမြိုင်မြို့၊ စခန်းရုံး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တည်ထားကိုးကွယ်အပ်သော ဇမ္ဗူအေး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်းအောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ဇွန်လ  ၂ ရက်နေ့၊ နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို အခမ်းအနား ဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး ၊ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ နှင့် အခမ်းအနား တက်ရောက်လာကြသူများက  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အတုလရန်အောင်ကျောင်း ဆရာတော် ဘဒ္ဒန္တကောသလ္လထံ ကိုးပါး သီလခံယူဆောက်ကြပြီး သံဃာတော်အရှင်သူမြတ်တို့  ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည့် ပရိတ် တရားတော်များကို နာယူကြည်ညို ကြသည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများက ဇမ္ဗူအေး စေတီတော်မြတ်ကြီး တွင် တင်လှူပူဇော်မည့် စိန်ဖူးတော် ၊ငှက်မြတ်နားတော် ၊ရွှေထီးတော် နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆရာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။  ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတအတုလရန်အောင်ကျောင်းဆရာတော်

ဘဒ္ဒန္တကောသလ္လ ထံမှ အနုမောဒနာတရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှ ပေးဝေခဲ့ကြသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းက ဇမ္ဗူအေးစေတီတော်မြတ် ကြီး ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်သစ်တင်လှူရခြင်း များနှင့် ပတ်သက်၍ လျှောက်ထားကာ အလှူရှင် အလှူရှင်များ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆပ်လက်၍ စေတီတော်ပေါ်သို့ တင်လှူ   ပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော် လက်ယာရစ် သုံးပတ်လှည့်လည် ပင့်ဆောင်၍ မင်္ဂလာအချိန်တွင်   စေတီတော်မြတ်ကြီးပေါ်သို့ ပင့်ဆောင်ခဲ့ပြီး ဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက  စိန်ဖူးတော် ၊ငှက်မြတ်နားတော် ၊ရွှေထီးတော် တင်လှူပူဇော်ခြင်းတို့ကို ဆောင်ရွက်သည်။ ဆက်လက်ပြီး နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော် သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က ဇမ္ဗူအေးစေတီတော် ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ခဲ့ကြရာ ဇမ္ဗူအေးစေတီတော်မြတ်ကြီးအား သံဃာတော်အရှင်သူမြတ် များက ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်းနှင့် အမျှဝေစာတမ်းဖတ်ကြားခြင်း၊ နတ်၊ ဗြဟ္မာများပြန်လည်ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ အခမ်းအနားကို ‘ ဗုဒ္ဓသာသနံ စိရံတိဌတု ‘ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများက ဆရာတော်၊သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

You may also like