Home ကျန်းမာရေး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မော်လမြိုင် သားဖွားသင်တန်းကျောင်း တတိယအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီ နှင့် ဦးဆောင်း ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မော်လမြိုင် သားဖွားသင်တန်းကျောင်း တတိယအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီ နှင့် ဦးဆောင်း ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်

by Mon Editor

မော်လမြိုင်    မေ    ၃၀

မွန်ပြည်နယ် မော်လမြိုင် သားဖွားသင်တန်းကျောင်း တတိယအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီ နှင့် ဦးဆောင်း ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို မေလ ၃၀ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန သားဖွားသင်တန်းကျောင်း မော်လမြိုင်၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ သင်တန်းသား/သူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်တန်းကျောင်းကို နိုင်ငံတော်၏ကျန်းမာရေးဆိုင်ရာ မူဝါဒနဲ့အညီ ဒေသခံပြည်သူတို့၏ ရင်သွေးများဖြစ်သော လူငယ်များကို အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာရပ်ဖြစ်သည့် သူနာပြုနှင့်သားဖွားအတတ်ပညာများ တတ်မြောက်စေ၍ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိမိတို့ဒေသရှိ ပြည်သူတို့၏ ကျန်းမာရေးကို မိမိတို့ကိုယ်တိုင် စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ပြီး သူနာပြုလူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များပြားသည့်အတွက် မော်လမြိုင်မြို့၊ သားဖွားသင်တန်းကျောင်းအား (၂၀၁၈ – ၂၀၁၉)ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ခဲ့ပြီး သူနာပြုသင်တန်းသား/သူများ ကိုပညာသင်ကြားပေးလျက် ရှိကြောင်း သူနာပြုနယ်ပယ်ကို ဝါသနာအရရော၊ မိမိတို့တစ်ဦးချင်းစီရဲ့ ဘဝရည်မှန်းချက်ထားရှိမှုအရရော ဝင်ရောက်လာသူ မျိုးဆက်သစ် သူနာပြုသင်တန်းသား/သင်တန်းသူများကို သူနာပြုများရဲ့ အဆောင်အယောင်ဖြစ်သော ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပြီး သူနာပြု တာဝန်ဝတ္တရားများကို ယနေ့မှစ၍ ထမ်းဆောင်နိုင်ပြီလို့ တာဝန်ပေးလိုက်ခြင်း ဖြစ်တဲ့အတွက် လက်တွေ့လေ့လာရတဲ့ကာလတွေမှာ တာဝန်ကျရာ ကျန်းမာရေး ဌာနတွေမှာ မိမိတို့သင်ယူတတ်မြောက်သည့် ပညာအဆင့်အလိုက် မကျန်းမာ သူများကို မိမိတို့ကိုယ်တိုင်စောင့်ရှောက်ခွင့်ရကြပြီဖြစ်ကြောင်း သူနာပြုနဲ့သားဖွားပညာရေးကိုလည်း ဒီပလိုမာသင်တန်းမှသည် သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့လွန်သင်တန်းများ၊ သူနာပြုပါရဂူဘွဲ့လွန် သင်တန်းများကို ပြည်တွင်းရော ပြည်ပမှာပါ လေ့လာသင်ယူနိုင်ကြောင်း ၊ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်းခံယူကြတဲ့ သင်တန်းသား/ သင်တန်းသူ (၃၉)ဦးတို့ဟာ ” ယနေ့လူငယ်၊ နောင်အနာဂတ်ဝယ် တိုင်းပြည် အင်အား” ဖြစ်သဖြင့် မိမိတို့ အသက်မွေးဝမ်းကျောင်းပညာရပ်ကို အဆင့်မြင့် ပညာရပ်များ တတ်မြောက်နိုင်သည်အထိ အဆင့်ဆင့်တက်လှမ်းနိုင်အောင် ကြိုးပမ်းအားထုတ်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း သင်တန်းသား/ သူများအား အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့် အပ်နှင်းပြီး၊ သူနာပြုအတတ်ပညာလက်ဆင့်ကမ်းဆီမီးထွန်းညှိခဲ့သည်။ ဆက်လက်၍ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းခြင်းခံရသည့် သင်တန်းသား/သူ များက သူနာပြုသစ္စာအဓိဌာန် ရွတ်ဆို၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး တို့က ဆုများရရှိကြသော သင်တန်းသား/သူများအား ဆုများအသီးသီးချီးမြှင့် သည်။ ထိုနောက် အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းခြင်းခံရသည့် သင်တန်းသား/သူများက ဂရုဏာအလင်း သီချင်းဖြင့်သီဆိုဖျော်ဖြေကာ တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

You may also like