Home ပညာရေး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားသို့ တက်ရောက်

by Mon Editor

မော်လမြိုင်  မေ   ၂၉

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ် အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံ နိုင်ရေးအတွက် ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနားကို မေ   ၂၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန် ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊  ကျောင်းသားမိဘများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ကျောင်းဖွင့်ပြီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်း အမြန်အပ်နှံစို့” ဆိုတဲ့ ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ် နဲ့အညီ ကျောင်းနေအရွယ် ကလေးတိုင်း ပညာရေးမဝေးဖို့ ရာနှုန်းပြည့် အပြည့်အဝ ကျောင်းလာရောက် အပ်နှံနိုင်ရေးအတွက် နှစ်စဉ်နှစ်တိုင်း ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှုကို ဆောင်ရွက်နေကြတာကို တွေ့ရတဲ့အတွက် ဝမ်းမြောက်မိပါကြောင်း အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသားလူငယ်များအနေဖြင့် အခြေခံပညာ (အထက်တန်း)စက်မှုနည်းပညာ ၊ စိုက်ပျိုးရေးအတတ်ပညာ၊ မွေးမြူရေး အတတ်ပညာ စသည့် ပညာရေးလမ်းသွယ်လေးမျိုး သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မှာဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ဖို့နှင့် ကျောင်းသား၊ ကျောင်းသူများ ရောဂါအန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ဖို့ အတွက် ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်သွားဖို့ အထူးလိုအပ်ကြောင်း၊ ကျောင်းအပ်နှံရေးနေ့ပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေးနှင့် နိုင်ငံသားတိုင်း Kg+9 ပညာရေးပြီးမြောက်မှုရှိရေး တို့ကို တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များက စိတ် စေတနာအရင်းခံဖြင့်  အခြေခံ ပညာကို ဆုံးခန်းတိုင် ပြီးမြောက်အောင် သင်ယူနိုင်ဖို့အတွက်နှင့် ပညာ သင်ကြားရန်ခက်ခဲသော ကလေးများကို ပစ်ပယ်မထားဘဲ ကျောင်း အကျိုးဆောင်များ၊ ကျောင်းသားမိဘများ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက် ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က ကျောင်းအပ်နှံမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးတို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ဘောပင် ၊ ခဲတံများနှင့် ကျောင်းဝတ်စုံများအား တာဝန်ရှိသူများထံပေးအပ်ခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ် ၊ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းသားကျောင်းသူ များအတွက် အလှူရှင်များက အလှူငွေများပေးအပ်ခဲ့မှုအပေါ် ပြည်နယ် ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာကြသူများ နှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

You may also like