Home ပညာရေး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မော်လမြိုင်တက္ကသိုလ် နှစ် (၇၀) ပြည့်အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မော်လမြိုင်တက္ကသိုလ် နှစ် (၇၀) ပြည့်အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

by Mon Editor

မော်လမြိုင် ဇွန် ၁၂

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် နှစ် ၇၀ ပြည့် အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ ကို ဇွန်လ ၁၂ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊  ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် အဆင့်မြင့်ပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားဟောင်းများ၊ မော်လမြိုင်တက္ကသိုလ်ရှိ ပါမောက္ခချုပ်နှင့် ဆရာ/ ဆရာမများ၊ကျောင်းသား ၊ ကျောင်းသူများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာ့ပညာရေးသမိုင်းမှာ ရန်ကုန်တက္ကသိုလ်ကြီး ပြီးရင် / လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ရန်ကုန်တက္ကသိုလ်၏ Affiliate College လို့ခေါ်သည့် ပေါင်းစည်းဆက်သွယ်ထားသော ကောလိပ်ဖြစ်သည့် မော်လမြိုင်ဥပစာကောလိပ်ကို ၁၉၅၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှာ ယခု အထက(၆) ကျောင်းနေရာဖြစ်တဲ့ မော်တင်လိန်းဂျပ်ဆင်ကျောင်းမှာ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲ့အဆင့်မြင့်ပညာရေး လောကမှာ ရှိတဲ့တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်ကျောင်းပေါင်း ၇၅ ကျောင်းအနက် မော်လမြိုင် တက္ကသိုလ်သည် ဝါရင့်တက္ကသိုလ် ကျောင်းကြီးလည်း ဖြစ်ပါကြောင်း၊ ယနေ့ မော်လမြိုင်တက္ကသိုလ်ကြီးသည် အချိန်တိုအတွင်း တည်ထောင်ပြီး ပေါ်ထွက်လာခဲ့တဲ့ တက္ကသိုလ်တစ်ခုမဟုတ်ဘဲ ခေတ် စနစ်လိုအပ်ချက်နဲ့အညီ ပညာရေးအဆင့်အတန်းကို အဆင့်ဆင့်တိုးမြှင့်ရင်း နဲ့ ဝိဇ္ဇာ ၊ သိပ္ပံ တက္ကသိုလ်ကြီးအဖြစ် ပေါ်ပေါက်လာရတာကို သတိပြု စေချင်ပါကြောင်း၊ ကောလိပ်ပင်မအဆောက်အဦကြီးကို ၁၉၅၄ ခုနှစ်၊နိုဝင်ဘာလ (၂၄) ရက်တွင် ထိုစဉ်က နိုင်ငံတော်သမ္မတကြီး အဂ္ဂမဟာသီရိသုဓမ္မ ဒေါက်တာဘဦးက အုတ်မြစ်ချပေးခဲ့ပြီး ၁၉၅၉ ခုနှစ်၊ မေလ(၁၆)ရက်တွင် ကောလိပ်ပင်မ အဆောက်အအုံသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာပဲ အဆင့်မြင့်ပညာရေးမှာ အမြင့်ဆုံးဘွဲ့ဖြစ်တဲ့ ပါရဂူဘွဲ့ကို ရူပဗေဒ၊ ဓာတုဗေဒနဲ့ ပထဝီဝင် အထူးပြုဘာသာရပ်တွေမှာ ထပ်မံတိုးချဲ့ပြီး သင်ကြားပေးမှာဖြစ်ကြောင်း၊  မော်လမြိုင်တက္ကသိုလ်မှာ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်က စတင်သင်ကြား ပေးခဲ့တဲ့ အဏ္ဏဝါသိပ္ပံ ဘာသာရပ် အပါအဝင်ဆိုရင် ပါရဂူဘွဲ့ကို အထူးပြု ဘာသာရပ် ၄ ခုမှာ တိုးချဲ့ဖွင့်လှစ်နိုင်တာဟာလည်း ဂုဏ်ယူရမဲ့ကိစ္စရပ် ဖြစ်ပါကြောင်း၊ ယနေ့ အမိတက္ကသိုလ်ကြီးရဲ့ သက်တမ်းတလျှောက် နိုင်ငံရေး စနစ်များအရ ပြောင်းလဲကျင့်သုံးလာရတဲ့ တက္ကသိုလ်စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ သင်ကြား – သင်ယူမှုအတွေ့အကြုံများကို မျှဝေပေးကြမဲ့ Panelist များရဲ့ ၎င်းတို့ရဲ့ အတွေ့အကြုံများအပေါ် ဆွေးနွေးပြောကြားမှုများဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းမှာ ဖြစ်တဲ့အတွက် အာရုံစိုက် နားထောင်ကြစေလိုကောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မော်လမြိုင်တက္ကသိုလ်နှစ်(၇၀)ပြည့် အခမ်းအနားအတွက် အလှူငွေ ကျပ်(၁၀)သိန်း ပေးအပ်ခဲ့ရာ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ မော်လမြိုင်တက္ကသိုလ် ပါမောက္ခ/ဌာနမှူး၊ သမိုင်း ဌာန ဒေါက်တာသိင်္ဂီနွယ်က Moderator အဖြစ်ဆောင်ရွက်ပြီး၊ Panelist များအဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာမောင်သင်း၊ မော်လမြိုင်တက္ကသိုလ် ကထိက (ငြိမ်း)၊ အင်္ဂလိပ်စာ ဌာန ဒေါ်နီနီခင်၊ မော်လမြိုင်တက္ကသိုလ် ရုက္ခဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသန္တာစိုး၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားဟောင်း ဦးမိုးကျော်၊ မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန  ပါရဂူ သင်တန်းသူ မအိသဉ္ဇာဖြိုး တိုက မော်လမြိုင်တက္ကသိုလ် နှစ် ၇၀ ပြည့်ခရီးနှင့်ပတ်သက်၍ ဘဝအတွေ့အကြုံများကို ဆွေနွေးခဲ့ကြသည်။ ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက်ရောက် လာသောကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

You may also like