Home ပညာရေး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မော်လမြိုင်မြို့၊ စာသင်ကျောင်းများ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး၊ မုဒုံမြို့နယ် ၂၀၂၃ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းများနှင့် ကျောင်းသား၊ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မော်လမြိုင်မြို့၊ စာသင်ကျောင်းများ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး၊ မုဒုံမြို့နယ် ၂၀၂၃ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းများနှင့် ကျောင်းသား၊ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

by Mon Editor

မော်လမြိုင်၊ သြဂုတ် ၁၂

မွန်ပြည်နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သြဂုတ် ၁၂ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် ( ၃ ) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်းအတွင်း၊  ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပဓိရုပ် ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ပေးကြရန်၊ ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်ရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများ၊ စာသင်ကျောင်း နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များအား ဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိသည်။

 ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သြဂုတ် ၁၂ ရက်နေ့၊ နံနက်ပိုင်းက မုဒုံမြို့နယ် ရွှေဟင်္သာ ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းများနှင့် ကျောင်းသား၊ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူ များက“ ဘက်စုံပညာကိုရည်ဒို့လှမ်းချီ” တေးသီချင်း ဖြင့် သီဆိုဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးသည်။ ထိုနောက် ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်း တွင် လူ့စွမ်းအား အရင်းအမြစ်သည် အဓိကအရေးပါသည့်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေသည့် ပညာရေးကဏ္ဍသည် အရေးကြီးကြောင်း၊ ဘက်စုံဖွံ့ဖြိုးသည့် လူရည်ချွန်၊ လူရည်မွန်ကလေး များပေါ်ထွန်းလာစေရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသော ဗလ ငါးတန်ဖွံ့ဖြိုးသော ကျောင်းသား/သူ များကို များစွာမွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်နေသည့် အရည်အသွေးမြင့်မား သော အသိပညာရှင်၊ အတတ်ပညာရှင်၊ လူရည်ချွန် လူရည်မွန် များ၊ အဆင့်တိုင်းတွင် မွေးထုတ်စေနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က ထူထောင်ပေးထားပြီးဖြစ်တာနှင့် အညီ ၎င်း ပညာရေးစနစ် သက်ဝင်ရှင်သန် ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရေးပဉ္စဂံဖြစ်သည့် မိဘများ၊ ဆရာ၊ဆရာမများ၊ ကျောင်း သား/သူ များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ စေတနာရှင်ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ယင်းနောက် မုဒုံမြို့နယ် ပညာရေးမှူး ဒေါ်မြ ဝင်းက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့သော (၆)ဘာသာ ဂုဏ်ထူးရှင် (၉)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊(၃)ဘာသာဂုဏ်ထူးရှင် (၃၄)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၈၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၃၅)ဦးအား ပညာရည်ချွန်ဂုဏ်ပြုဆုများနှင့် အောင်ချက် အကောင်းဆုံးကျောင်းများအား အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ကျောင်းသား ကျောင်းသူများက “ခေတ်သုံးခေတ် မှုံရွှေရည်”နှင့်“ပြည်မြန်မာ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်နေမှု များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က သီဆိုကပြ ဖျော်ဖြေပေးသော  ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုငွေပေးအပ်ကာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး တက်ရောက်လာသော ကျောင်းသား/သူ မိဘများနှင့် ဆုရ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည် ။

You may also like