မော်လမြိုင် ဩဂုတ် ၁၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် သြဂုတ်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျရေများစီးဆင်းမှုကြောင့် ဘီးလင်းမြစ်ရေမြင့်တက်၍ ရပ်ကွက်နှင့်ကျေးရွာအချို့ရှိ နေအိမ်များအတွင်း ရေကြီး နစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကန်သာယာရပ်ကွက် (၇) အနိမ့်ပိုင်းဒေသရှိ ရေကြီးနစ်မြုပ်ခံခဲ့ရသည့် နေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား အဓိကအားဖြင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ပြည်သူများပူးပေါင်း၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ရေများပြန်လည်ကျဆင်းပါက နေအိမ်များသို့ စနစ်တကျပြန်လည်ရွှေ့ပြောင်းရေး၊ ၊အမှိုက်များစနစ်တကျ စွန့်ပစ်စေရေး၊ အခက်အခဲရှိပါက တင်ပြကြစေလိုကြောင်း၊ ရေကြီးပြီးနောက်ဆက်တွဲ ကျန်းမာရေးကိုလည်းအထူးဂရုပြုရန်လိုပြီး ဝမ်းလျှော၊ ဝမ်းပျက်ရောဂါများမဖြစ်ပွားအောင် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ကြိုတင် ကာကွယ်ထားရန်လိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနိမ့်ပိုင်းရပ်ကွက်ရှိ ရေတွင်းရေကန်များတွင် ကျန်းမာရေးဌာနဝန်ထမ်းများမှ ရေမသန့်ရှင်းမှု ကြောင့်ဖြစ်သည့် ဝမ်းရောဂါအပါအဝင် ကူးစက်ရောဂါမဖြစ်စေရေး အတွက် ကလိုရင်းဆေးနှင့်အဘိတ်ဆေးခပ်ပေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး အနိမ့်ပိုင်းတစ်လျှောက် ရေဝင်ရောက်သည့်နေရာများအား လှေများဖြင့်လိုက်လံ ကြည်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အဖွဲ့သည် ဘီးလင်းမြို့ သာသနာ့ဗိမာန်(ရေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံး)၌ အခြေခံစားသောက်ကုန်နှင့်ထောက်ပံငွေပေးအပ်ပွဲသို့ တက်ရောက်ပြီး ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြသော ရပ်ကွက်နှင့် ကျေးရွာအနိမ့်ပိုင်းတို့မှ ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က တတ်နိုင်သည့်ဘက်မှ ကူညီအားပေးဆောင်ရွက်နိုင်ရန် အတွက် ယခုကဲ့သို့လာရောက်ခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်သဖြင့် အားလုံးက စုပေါင်းအားဖြင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက ထိခိုက်ဆုံးရှုံး မဖြစ်အောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကလည်း အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ရေဘေးသင့်ပြည်သူများအနေဖြင့် ကျန်းမာရေးအထူးဂရုပြုကြရန်နှင့် မိဘများအနေဖြင့် ကျောင်းနေ အရွယ်ကလေးများကို ပညာသင်ကြားနိုင်ရေးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန် မှာကြားသည်။
ယင်းနောက် မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြား ခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေကျပ် (၁၈၁၅၄၅၀၀/-) ကိုပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူအောင်က လက်ခံရယူပြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ နှင့် အတွင်းရေးမှူးတို့က အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ရာ ရေဘေးသင့်ပြည်သူ များက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ရေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး တက်ရောက်လာသည့် ရေဘေးသင့် ပြည်သူတစ်ဦးက ကယ်ဆယ်ရေးစခန်းတစ်ခု လိုအပ်ချက်ကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ကသက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။










