မော်လမြိုင်၊ သြဂုတ် ၁၄
တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်သည်။
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အဓိကမဏ္ဍိုင်ဖြစ်တဲ့ အခြေခံ ပညာကျောင်းများမှာ တိုင်းရင်းသားဘာသာစာပေ သင်ကြားပို့ချပေး နေတဲ့ ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲကို မွန်ပြည်နယ်မှာ ဖွင့်လှစ်ပေးနိုင်သည့်အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ ပညာရေး ကဏ္ဍမှာ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများဟာလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးနေတဲ့ အင်အားများဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာစာပေ ဆရာ၊ ဆရာမများဖြစ်တဲ့အတွက် ဘာသာစကားသင်ကြားနည်းများကိုလေ့လာသင်ယူပြီးမိမိတို့တိုင်းရင်းသား ဘာသာစာပေကိုလည်း အနာအကြား၊ အပြော၊ အဖတ်၊ အရေး စွမ်းရည် လေးမျိုးလုံး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ဖို့လိုကြောင်း၊ မိမိတို့ရဲ့ကလေး သူငယ်များကို ပြုစု ပျိုးထောင်ရာမှာ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ ဗလငါးတန်နဲ့ ပြည့်စုံတဲ့ အရည်အသွေးရှိသော ကလေးများဖြစ်အောင် လေ့ကျင့်သင်ကြားပေးဖို့လည်း လိုအပ်ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အရေးပါတဲ့ စိတ်ဓာတ် ကောင်းမွန်၊ စည်းကမ်းလိုက်နာ၊ ခံယူချက်သဘောတရား မှန်ကန်၊ ကျွမ်းကျင်မှု စွမ်းရည်များပြည့်ဝတဲ့ နိုင်ငံသားကောင်းများကို လေ့ကျင့် မွေးထုတ်နိုင်သော ဆရာ၊ ဆရာမကောင်းများ ဖြစ်ဖို့အတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာများကို ဒီသင်တန်းကနေ ဆွေးနွေး ပို့ချပေးကြမှာ ဖြစ်ကြောင်း မိမိတို့လေ့လာမှတ်သားထားသည်များကို လက်တွေ့ဘဝတွင် ပြန်လည်အသုံးချပြီး အခြေခံပညာကျောင်းများအတွက် လိုအပ်ချက် များကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်တဲ့ တိုင်းရင်းသားဘာသာ စာပေသင် အရည်အသွေးမြင့် ဆရာ၊ ဆရာမများအဖြစ် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူများဖြစ်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းသား၊ကျောင်းသူများက “ ကြိုနေမယ်လေမွန်တို့မြေ” သီချင်းဖြင့်ကပြ ဖျော်ဖြေနေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအားပေးကာ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားသည်။
အဆိုပါ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲကို သြဂုတ် ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားဆွေးနွေးသွားမှာဖြစ်ပြီး သင်တန်းတက်ရောက်သူ ဦးရေ (၂၆၄)ဦး ရှိကြောင်း သိရသည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သြဂုတ် ၁၄ ရက်နေ့ နေ့လည်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၈) အခြေခံပညာ အထက် တန်းကျောင်း ၊ယင်းမာခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်း အမှတ်အခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ အခမ်းအနာတွင် မူလတန်းကျောင်းသူများမှ “သန့်လေးသန့်” ကဗျာသီဆို၍ ဖွင့်လှစ်သည်။ ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နှစ်စဉ် စာသင်နှစ်တစ်နှစ်ရဲ့ ဩဂုတ် ဒုတိယအပတ်မှာ ကျောင်းသား/ကျောင်းသူများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးတွင် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ပိုမိုသိရှိလာပြီး ကျန်းမာရေး အဆင့်မြှင့်ကျောင်းထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးမှုများ ပိုမို အား ကောင်းလာစေရန် ရည်ရွယ်ချက်များနဲ့ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျင်းပခြင်း ဖြစ်ကြောင်း၊နိုင်ငံအတွက် အရေးပါတဲ့ ကျောင်းသားလူငယ်တွေကို အနာဂတ်မှာ စွမ်းရည်ပြည့်စုံတဲ့ နိုင်ငံ့သားကောင်းများ ဖြစ်လာစေဖို့အတွက် ရည်မှန်းပြီး ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “ကျန်းမာ ပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်” ဖြစ်ကြောင်း၊ဘက်စုံဖွံ့ဖြိုး တိုးတက် ရေးအတွက် ကျောင်းသားများ၏ ကျန်းမာကြံ့ခိုင်ရေးသည် အခြေခံ အုတ်မြစ်ဖြစ်သလို ကျောင်းသားများ၏ ပညာရေး အဆင့်အတန်း တိုးတက်မှုသည်လည်း ၎င်းတို့၏ ကျန်းမာရေး အဆင့်အတန်း တိုးတက် မှုအပေါ်မှာ များစွာ မူတည်နေကြောင်း၊ လူငယ်ကို အခြေခံသည့် အနာဂတ်ကို စာသင်ကျောင်းမှ စတင်ပြီး တည်ဆောက်ရာမှာ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသကဲ့သို့ ကျောင်းသား လူငယ်များရဲ့ ကျန်းမာရေး ပြည့်စုံ ကောင်းမွန်နေရုံ သာမက ဗလငါးတန်ပြည့်စုံတဲ့ လူငယ်များ မွေးထုတ်နိုင်ဖို့အတွက် ကျောင်းသား ကျောင်းသူများ အပါအဝင် ပညာ ရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွယ်ဌာနများ၊ အဖွဲ့ အစည်းများနဲ့ မိဘပြည်သူလူထုတို့ ပူးပေါင်းပြီး ဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် လှုပ်ရှားမှုများ ဗွီဒီယိုမှတ်တမ်းကို ပြသမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးကာ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာနန္ဒဝင်းမှ အိုင်အိုဒင်းဆားနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။ ယင်းနောက် မူလတန်းကျောင်းသူများမှ “ရန်သူ” ကဗျာသီဆိုဖျော်ဖြေကာ ပြည်နယ်ဝန်ကြီးချုပ်က ကဗျာသီဆိုဖျော်ဖြေပေးသော ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းသူအားလုံးကို သန်ချဆေး တိုက်ကျွေးခြင်းကိုလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသူများကို သံဓါတ်အားဆေး တိုက်ကျွေးခြင်းကိုလည်းကောင်း အလယ်တန်းနှင့် အထက်တန်းဆင့်ကျောင်းသူများ၏ အာဟာရအတွက် မေးခွန်း (၁၀၀) ဖြေဆိုနေမှုကို လည်းကောင်း၊ မူလတန်းကျောင်းသူများမှ အစာအုပ်စု (၃) အုပ်စု အာဟာရပညာပေး ရောင်စုံခြယ် ခြင်းကိုလည်းကောင်း၊ “ကျန်းမာပျော်ရွှင် ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ သိမှတ် လိုက်နာဆောင်ရွက်သင့်သော ကျန်းမာရေးဆိုင်ရာပညာပေးပြခန်း ပြသထားရှိမှုကို လည်းကောင်း၊ ကျောင်းသူများမှ လက်ဆေးနည်း အဆင့်ဆင့်သရုပ်ပြခြင်း၊ စနစ်မှန် သွားတိုက်ခြင်း သရုပ်ပြခြင်း၊ အာဟာရအုပ်စု (၃) စုပါဝင်သော အစားအစာများ ခင်းကျင်း သရုပ်ပြခြင်းကို လည်းကောင်း ၊ လှည့်လည်ကြည့်ရှု အားပေးကာ သရုပ်ပြခြင်းဆောင်ရွက်သော ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။