မော်လမြိုင် ၊ သြဂုတ် ၁၅
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၊ မော်လမြိုင်တက္ကသိုလ် စာပေဟောပြောပွဲအခမ်းအနားကို သြဂုတ် ၁၅ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဒီကနေ့ စာပေဟောပြောပွဲမှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူ မောင်မယ်တို့ အနေနဲ့တက္ကသိုလ်က သင်ပေးလိုက်တဲ့ အထူးပြုပညာရပ်များအပြင် ရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာစာပေများမှာ ရေးသားခဲ့တဲ့ မိမိနိုင်ငံရဲ့ ဘာသာတရား၊ စာပေနဲ့ယဉ်ကျေးမှုကို အခြေခံတဲ့ဆုံးမ စကားများ၊ လိုက်နာရမဲ့အကျင့်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်နဲ့ နိုင်ငံအပေါ်ထားရှိရမည့် ခံယူချက်များနဲ့ ပတ်သက်လို့ အသိအလိမ္မာတိုးပွားစေမယ်လို့ ယုံကြည်ပါကြောင်း လူမှုရေး ဦးတည်ချက်(၃)ချက်အနက် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ကို ဆောင်ရွက် လျှက်ရှိရာ ခွန်အားကြီး ငါးရပ်နဲ့ပြည့်စုံတဲ့ ကျောင်းသားလူငယ်များ မောင်တို့မယ်တို့အနေနဲ့ နိုင်ငံတော်ကြီး ကို ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ တိုင်းပြည်ကြီးအဖြစ် တည်ဆောက်ရာမှာ အရေးပါတဲ့ အခန်း ကဏ္ဍမှာ ရောက်ရှိနေတယ်ဆိုတာကိုလည်း အမြဲသတိရှိ စေချင်ပါကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရားမှ လောကီပညာ၊လောကုတ္တရာ အလုပ်ကို လုပ်ကြမည်ဆိုလျှင် ဗိုလ်ငါးပါးဖြစ်သည့်”သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ”တို့ဖြင့်အောင်မြင် နိုင်ကြောင်း ဟောကြားလမ်းညွှန်ခဲ့ကြောင်း၊ မိမိတို့အောင်မြင်မှုရရှိစေရေးအတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများမှ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း လမ်းညွှန်သွန်သင်ဆုံးမပေးခဲ့ ကြကြောင်း၊ မြန်မာစာပေ ကျမ်းဂန်များမှာ ရေးသား မှတ်တမ်းတင်ထားတဲ့ မြန်မာ လူမှုအသိုက်အဝန်းရဲ့ ဘာသာ၊ သာသနာဆိုင်ရာခံယူချက်၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်ဆိုင်ရာ အဆုံးအမကို စာရေးသူ ဆရာမကြီးနဲ့ ဆရာကြီး တို့က စာအုပ်စာပေများစွာမှ လေ့လာ ထုတ်နုတ်ပြီး အချိန်တိုအတွင်း ကျောင်းသား/ကျောင်းသူများကို အသိအလိမ္မာ တိုးပွားစေရန်နှင့် စိတ်ဓာတ် ခံယူချက်များ တိုးတက်မြင့်မားစေရန် ဟောပြောမှာဖြစ်လို့ အင်မတန် တန်ဖိုးရှိတဲ့ဟောပြောချက်များဖြစ်၍ ဂရုတစစိုက်နားထောင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာစာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသွင်သွင်အောင်က ပောာပြောမည့် ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့် (အချိန်ပြည့်အဖွဲ့ဝင်၊ မြန်မာစာအဖွဲ့)နှင့် ဆရာကြီး ဦးယုမောင် အကြံပေးပုဂ္ဂိုလ်၊(ရွှေတိဂုံစေတီတော်) တို့၏ ကိုယ်ရေး အတ္ထုပ္ပတ္တိများကို ဖတ်ကြား တင်ပြပြီး၊ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့် (ကလောင်အမည် ရွှေယင်းမာ ရန်ကုန်တက္ကသိုလ် နှင့်ခင်ဆွေမြင့် မြန်မာစာ) က “စာပေထဲက မြန်မာ့အလှ” ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ယင်းနောက် ဆရာကြီးဦးယုမောင် (ကလောင်အမည် မောင်လူမွှေး မြန်မာစာ) က “ရှင်မဟာရဋ္ဌသာရ နှစ် ၅၅၅ နှစ်ပြည့်” ခေါင်းစဉ်ဖြင့် ဟောပြောကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက် အားပေးခဲ့ကြသည်။
ဆက်လက်၍ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်မှ ဟောပြောပေးသည့် ဆရာမ ကြီးနှင့် ဆရာကြီးတို့အား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။