မော်လမြိုင် ၊ ဩဂုတ် ၁၁
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ် ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ဩဂုတ် ၄ ရက်နေ့က မီးလောင်ကျွမ်းမှု ကြောင့် ကျောင်းအုပ်ကြီးရုံးခန်း၊ စာရေးအခန်းနှင့် စာသင်ခန်း(၉)ခန်းပါ အောက်ထပ်အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း/ကာ၊ (၂)ထပ်ဆောင် အဆောက် အဦ(၁)လုံး၊ စာသင်ခန်း(၇)ခန်း၊ နားနေဆောင်(၁)ခန်းပါ အောက်ထပ်အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း/ ကာ၊ (၃)ထပ်ဆောင် အဆောက်အဦ(၁)လုံး ပျက်စီး ဆုံးရှုံးမှုကြောင့် နှစ်ထပ်စာသင်ဆောင်အား တစ်ထပ်ကျောင်းဆောင်အဖြစ် နှင့် သုံးထပ်စာသင်ဆောင်အား နှစ်ထပ်ကျောင်းဆောင်အဖြစ် လုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေး တာဝန်ခံများ ၊ကျောင်းအကျိုးတော်ဆောင်များမှ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် (၂)လ ကာလအတွင်း အချိန်မီပြီးစီးရေး ကျောင်းသားကျောင်းသူများ စာသင်ကြားမှု အခက်အခဲ မရှိစေရေးအတွက် အားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် မီးလောင်ကျွမ်းသည့် ကျောင်းဆောင်များအတွင်း မလိုအပ်သည်များဖယ်ရှားခြင်း၊ ကျောင်းဆောင် ပြုပြင် မွမ်းမံနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။






