Home နောက်ဆုံးရသတင်းများ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

by Mon Editor

မော်လမြိုင်  သြဂုတ် ၈

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်က မော်လမြိုင်မြို့၊ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် (ကိုယ်စား) မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးဟာ မွေးဖွားလာစဉ်ကတည်းက အသက် ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက် အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ် လှုပ်ရှားမှုတို့အတွက် အစာ အာဟာရကို မှီဝဲစားသုံးကြရတာ ဖြစ်ကြောင်း ၊မြန်မာနိုင်ငံဟာ အာဟာရစောင့်ရှောက်မှု လုပ်ငန်းများကို (၁၉၅၄)ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်လို့ အခုဆိုရင် နှစ်ပေါင်း (၆၉) နှစ် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ နှစ်စဉ် ဩဂုတ်လရဲ့ ပထမရက်သတ္တပတ်ကို မိခင်နို့ စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကိုငါးနှစ်အောက်နှင့် ကျောင်းနေ အရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များ ရက်သတ္တပတ်၊ စတုတ္ထ ရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေးရက်သတ္တပတ်များ အနေနဲ့ သတ်မှတ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မိခင်နို့ဟာ ကလေးအတွက် ပထမဆုံး အစာ အာဟာရ ဖြစ်ပြီး မွေးစမှ ကလေးအသက် (၆) လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးဖို့ လိုအပ်ပြီး (၆) လ ပြည့်ပြီးနောက်မှာ ဖြည့်စွက်စာနဲ့အတူ ကလေးအသက် (၂) နှစ် အထိ မိခင်နို့ကို ဆက်လက် တိုက်ကျွေးဖို့ လိုအပ် ပါကြောင်း ၊မိခင်နို့ စနစ်တကျ တိုက်ကျွေးနိုင်ဖို့ အတွက် လုပ်ငန်းခွင်ဝင် မိခင်များအနေနဲ့ အခက်အခဲများစွာ ကြုံတွေ့ရပြီး “လုပ်ငန်းခွင်ဝင် မိခင်တို့ နို့ချို တိုက်ကျွေးစေနိုင်ဖို့ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်စို့” ဆောင်ပုဒ် နှင့်အညီ လုပ်ငန်းခွင်မှ မိခင်များ လုပ်ငန်းခွင်မပျက် မိခင်နို့ တစ်မျိုးတည်းကို (၆) လအထိတိုက်ကျွေးနိုင်ပြီး ကလေး အသက် (၆) လ ပြည့်ပြီးတဲ့အခါမှာလည်း သင့်လျော်တဲ့ဖြည့်စွက်စာကျွေးရင်း အနည်းဆုံး ကလေးအသက် (၂) နှစ်အထိ မိခင်နို့ကို ဆက်လက် တိုက်ကျွေးနိုင်ဖို့ ဝိုင်းဝန်းကူညီဖို့ လိုအပ်ကြောင်းပြောကြားသည်။ 

ဆက်လက်၍ ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှု မှတ်တမ်းဗွီဒီယိုများ ပြသနေမှုကို မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးပြီး (၅)နှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးတိုက်ကျွေးကာ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ မူကြိုကလေးငယ်များကို အာဟာရဖြည့်အစားအစာများ ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်ဆေးပြား၊ ဗီတာမင်ဘီဝမ်းဆေးပြား ပေးအပ်နေမှုအပေါ် လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။ 

ထို့ပြင် မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပြသထားသော (၂၀၂၂) ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူလူထုများအတွက် အာဟာရ ရက်သတ္တပတ်များနှင့် ပတ်သက်သော အဓိကသော့ချက်သတင်းစကားများ၊  ရှေ့ဆက် လုပ်ဆောင်မည့်လုပ်ငန်းစဉ်များ ပြခန်းကို ကြည့်ရှု အားပေးခဲ့ပါသည်။ 

ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် ဆောင်ပုဒ် ဖြစ်သော “လုပ်ငန်း ခွင်ဝင် မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့” ဆိုသည့်အတိုင်း မော်လမြိုင်မြို့ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ အလုပ်လုပ်ရင်း (၆) လအထိ မိခင်နို့တစ်မျိုးတည်းကိုလည်းကောင်း၊ ကလေး (၆) လပြည့်ပြီးသည့်အခါ သင့်တော်သည့် ဖြည့်စွက်စာနှင့်အတူ မိခင်နို့ကို ကလေး အသက် (၂) နှစ်အထိ တိုက်ကျွေးနိုင်စေရန် စတင်ဆောင်ရွက်ထားပြီးဖြစ်သည့်  ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ “လုပ်ငန်းခွင် ဝင် မိခင်များအတွက် နို့ချိုတိုက်ကျွေးရန်နေရာ” ကို ကြည့်ရှု အားပေးသည်။

အခမ်းအနားသို့ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်/ခရိုင်/ မော်လမြိုင်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့မှ နာယက၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မှ မိခင်ကလေးစောင့်ရှောက်ရေးအသင်း နှင့် အမျိုးသမီးရေးရာအဖွဲ့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ မှ တာဝန်ရှိကိုယ်စားလှယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် မူကြိုကလေးငယ်များ စုစုပေါင်း (၁၇၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

You may also like