မော်လမြိုင် ဇွန် ၉
မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်တားဆီး ကုသရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းခမ်းအနားကို ဇွန် ၉ ရက်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ် ရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ဝန်ကြီးချုပ်ကသွေးလွန်တုပ်ကွေးရောဂါဟာ ကမ္ဘာပေါ်မှာ (၁)နှစ်လျှင် လူဦးရေ သန်း(၄၀၀)ခန့် ကူးစက်ဖြစ်ပွားလျက် ရှိကြောင်း၊ ရာသီဥတု ပြောင်းလဲ လာခြင်း၊ ကျေးလက်/ မြို့ပြ ပြောင်းရွှေ့နေထိုင်မှု များပြားလာခြင်း၊ လူဦးရေ သိပ်သည်းမှု များပြားလာခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှု ပိုများ လာတာ တွေ့ရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သောအိန္ဒိယနှင့် အရှေ့တောင် အာရှနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ အများဆုံး ဖြစ်ပွားကြောင်း တွေ့ရှိရ၍ သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်နိုင်တာဖြစ်လို့ ရောဂါမဖြစ်ခင် ကာကွယ်ခြင်း၊ ရောဂါစောစီးစွာ ကုသခြင်းများဟာ အရေးကြီးဆုံး ဖြစ်ပါကြောင်း သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာမှာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်၏ ကူညီပံ့ပိုးမှုဟာ အရေးကြီးပြီး ကျန်းမာရေးဌာန တစ်ခုတည်းက ဆောင်ရွက်ခြင်းထက် ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ လမ်းညွှန်မှုကို ခံယူပြီး ကျန်းမာရေး ဌာနနှင့် နှီးနွယ်ဆက်စပ်နေသောဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ ပြည်သူလူထုကိုယ်တိုင် ခြင်လောက်လန်း ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၏ အရေးပါပုံကို သိမြင်၊ လိုက်နာကျင့်သုံးလာဖို့ ကျန်းမာရေးအသိပညာ မြှင့်တင်ပေးဖို့ လိုပါကြောင်း၊ ကျောင်းဖွင့်ရာသီတွင် စာသင်ကျောင်းများမှာ ရောဂါကူးစက်မှု ပိုမိုမြင့်မားသည့်အတွက် သွေးလွန် တုပ်ကွေးကာကွယ်နှိမ်နင်းရေး “ခြင်ကျား လောက်လန်း ကင်းစင် ကျောင်းများ” ဆောင်ရွက်ခြင်းကို ပညာရေးဌာနနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် ၊ ရပ်ကွက်၊ ကျေးရွာများ၊ စာသင်ကျောင်းများ၊ မူလတန်းကြိုကျောင်းများပါ ရေစီးရေလာကောင်းမွန် စေရေး၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ် ခြင်းများဆောင်ရွက်ရန်၊ ပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းများ ကျယ်ကျယ်ပြန်ပြန့်ဆောင်ရွက်ရန် တိုက်တွန်း မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ် ၊တိုင်းမှူး နှင့် တာဝန်ရှိသူများသည် ဇွန်လ ၉ ရက်နေ့၊ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ Top ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက်အမျိုးသားဖူဆယ်ပြိုင်ပွဲဗိုလ်လု ပွဲနှင့်ဆုပေးပွဲ အခမ်းအနား သို့တက်ရောက်၍ ကျိုက်ထိုမြို့နယ်ဖူဆယ်အသင်းနှင့် သထုံမြို့နယ်ဖူဆယ် အသင်းတို့၏ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများက ပြိုင်ပွဲတွင် အသင်းအလိုက်၊ တစ်ဦးချင်းစီအလိုက်၊ ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသော အားကစားသမား များအား တစ်ဦးချင်းဆုနှင့် ငွေသားဆု၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းဆုများအား လည်းကောင်း၊ နေရာအလိုက် အကောင်း ဆုံး ဆုရရှိသူများအား ဆုတံဆိပ်များ၊ ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။