မော်လမြိုင် ဇွန် ၈
မွန်ပြည်နယ် သူနာပြုသင်တန်းကျောင်း(မော်လမြိုင်) အပတ်စဉ် (၄၇)၏ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်သူနာပြုသင်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှုးချုပ်စိုးမင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ သူနာပြုဆရာမကြီးငယ်များ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေး စောင့်ရှောက်မှုကို ပုခုံးပြောင်း တာဝန်ယူကြမည့် မျိုးဆက်သစ်သူနာပြု သင်တန်းသား/ သူ (၄၄)ဦးကို သူနာပြုအမှတ်အသား ဖြစ်သည့် ဦးဆောင်း/ဝတ်စုံအပ်နှင်းသောနေ့ဖြစ်တဲ့အတွက် သင်တန်း ကျောင်း၏ မင်္ဂလာရှိတဲ့ အခမ်းအနား တစ်ခု ဖြစ်ပါကြောင်း၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှာ သင်တန်းစတင်တက်ရောက်ခဲ့တဲ့ သင်တန်းသား/သူ(၄၄)ဦးလုံးဟာ သူနာပြုသင်တန်းကျောင်း၊ မော်လမြိုင် ပညာရေးအဖွဲ့က စစ်မေးခဲ့တဲ့ Semenster 1 Exam မှာ စာတွေ့/ လက်တွေ့တွင် အရည်အချင်းပြည့်မီစွာ အောင်မြင်ခဲ့သည့်အတွက်သူနာပြုတစ်ဦးရဲ့ အဆောင်အယောင်ဖြစ်တဲ့ ဦးဆောင်းနဲ့ Coat ကို ဝတ်ဆင်ခွင့်ရမှာ ဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံသည် ခေတ်နှင့်အညီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် ဖြစ်အောင်၊ ကြိုးပမ်းဆောင်ရွက်နေသည်မှာ နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍလည်း အပါအဝင် ဖြစ်ပါကြောင်း၊ သင်တန်းသား / သူများကလည်း သင်တန်း ကျောင်းမှ ပေါင်းစပ် ညှိနှိုင်းသင်ကြားပေးတဲ့ ပညာရပ်များကို ကြိုးစားလေ့လာသင်ယူကြပြီး သင်တန်းကာလ ပြီးဆုံးတဲ့ကာလမှာ နိုင်ငံနဲ့ လူမျိုးကို အကျိုးပြုတဲ့ သူနာပြုသားဖွားကောင်းများ ဖြစ်အောင်ကြိုးစားကြရန် သူနာပြုပညာသင်ကြားရေး ကဏ္ဍများ စဉ်ဆက်မပြတ် တိုးတက်နေ တဲ့ ပညာရေးလမ်းကြောင်းကို ခေတ်နှင့်အညီ ရင်ဘောင်တန်းပြီး နိုင်ငံတော်ကချီးမြှင့် လမ်းဖွင့်ပေးထားတဲ့ ခေတ်မှီ သူနာပြုပညာရေး သိပ္ပံဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ များကိုလည်းဆက်လက် ဆည်းပူးသွားကြရန် နိုင်ငံတော်ရဲ့ကျန်းမာရေးကဏ္ဍကို တစ်ဖက်တစ်လမ်း မှ မြှင့်တင်ပေးမယ့် သူနာပြု သင်တန်းသား/သင်တန်းသူများသည် သင်တန်းပြီးဆုံးလို့ နိုင်ငံတာဝန် ထမ်းဆောင်ကြတဲ့အခါ ပေးအပ်တဲ့ တာဝန်များကို စေတနာအရင်းခံထားပြီး ပြည်သူတွေရဲ့ ကျန်းမာရေး ကို စောင့်ရှောက်ပြုစုပေးတဲ့အခါ မိမိရဲ့သွေးသားရင်းချာသဖွယ် ပြုစု စောင့်ရှောက်ကြဖို့လည်း တိုက်တွန်းမှာကြားသည်။
ထို့နောက် သူနာပြုသင်တန်းကျောင်း(မော်လမြိုင်) ကျောင်းအုပ်ကြီး ဒေါ်ညွန့်ညွန့်ဟန်မှ ကျေးဇူးတင်စကား ပြောကြားပြီး၊ အပတ်စဉ်(၄၇) သူနာပြု ဒီပလိုမာသင်တန်းသား/သူများအား တာဝန်ရှိသူများက အမျိုးသားကုတ် အင်္ကျီနှင့်သူနာပြုဦးဆောင်း ချီးမြှင့်အပ်နှင်း သည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် တို့က ဆုများရရှိကြသော သင်တန်းသား/သူများအား ဆုများအသီးသီး ချီးမြှင့်သည်။
ဆက်လက်၍ အမျိုးသား ကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းခြင်းခံရသည့် သင်တန်းသား / သူ များက သူနာပြုကျင့်ဝတ် ရွတ်ဆို၍ သင်တန်းသား/ သူများက “ဂရုဏာအလင်း” သီချင်းဖြင့်သီဆိုဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကြည်ရှု အားပေး၍ သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။